ရိခေါ်ဒါရ် ဇူလိုင် ၁၄
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုများပြားလာပြီး ရပ်ကွက်အတွင်း ရောဂါ ကူးစက်ခံနေရသူ နေ့စဉ်တိုးတက်လာခြင်းကြောင့် ရိခေါ်ဒါရ်တိုက်နယ် ဆေးရုံ၌ ရောဂါကာကွယ်ရေး လုပ်ငန်းသုံး ပစ္စည်းများကို လူမှုအဖွဲ့အစည်းများ၊ စေတနာပြည်သူ အလှူရှင်များက ဇွန်လနှင့် ဇူလိုင်လအတွင်း လာရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းသုံး ပစ္စည်းများ လှူဒါန်းရာတွင် ဟွာလ်ငိုဒေသ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း (Hualngo Land Development Organization- HLDO) မှ Surgical Gown (၁)ထုပ်၊ PPE ဝတ်စုံ (၅၀)ခု၊ N95 Mask (၂၀၀)ခု၊ Body bag (၂၅)ခု၊ Shoe Cover (၁၀၀)ခု၊ Face Shield Cover (၅၀)ခု၊ အရက်ပြန် (၅)ဗူး၊ 1 Litre Green Cross (၅)ဗူး၊ Zonrox (၃)ဗူး၊ Oximeter (၁)ခု နှင့် Goggles (၂၀)ခုတို့ကို လည်းကောင်း၊ မဧဒင် (Edeni) မိသားစုမှ PPE ဝတ်စုံ (၁၄)ခု၊ Otoscope၊ Suction ball၊ Suction pump၊ 1.8 Liter တို့ကို လည်းကောင်း၊ ဦးဇိုးဇီဒိန်း မိသားစုမှ PPE ဝတ်စုံ (၂၀)ခု၊ Face Shield (၂၀)ခု၊ Glove (၁)ဗူး၊ Mask (၂)ဗူး နှင့် Cap (၁)ထုပ်တို့ကို လည်းကောင်း၊ ဦးပေါင်ခန့်မုန် မိသားစုမှ PPE ဝတ်စုံ(၂၅)ခု၊ Mask (၂၅)ထုပ်နှင့် Surgical Gown (၃၀)ထည်တို့ကို လည်းကောင်း အသီးသီး လာရောက် လှူဒါန်းပေးခဲ့သည်။
စေတနာအလှူရှင် အဖွဲ့အစည်းများနှင့် ပြည်သူများမှ လှူဒါန်းပေးသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းသုံး ပစ္စည်းများဖြင့် ရိခေါ်ဒါရ် တိုက်နယ်ဆေးရုံသို့ ဆေးကုသမှုခံယူသည့် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာများ၊ သီးသန့်စောင့်ကြည့်ထားရှိသည့်လူနာများ ဆေးကုသပြုစု စောင့်ရှောက်ခြင်းနှင့် အခြားရောဂါ ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အကျိုးရှိစွာ အသုံးပြုလျက်ရှိကြောင်း သိရသည်။
ရိခေါ်ဒါရ်မြို့တွင် ဇွန်လ ၇ ရက်နေ့မှ ဇူလိုင်လ ၁၃ ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါ စစ်ဆေးသူပေါင်း (၁၇၅၇)ဦးရှိသည့်အနက် ရောဂါပိုးတွေ့လူနာ(၂၉၁)ဦးရှိပြီး ရောဂါဖြင့် သေဆုံးသူ(၂)ဦးရှိကာ ကျန်းမာရေး ပြန်လည်ကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူနှင့် Home Quarantine ဖြေလျော့ထားရှိသူ (၂၄၃)ဦးရှိပြီး လက်ရှိအခြေအနေ၌ ရောဂါပိုးတွေ့ဆေးကုသမှု ခံယူနေသူ (၄၆)ဦးရှိကြောင်း သိရသည်။
ပက်ကာ (ရိရေကန်)