မတူပီခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ (ပထမ) နေ့ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများ စိစစ်ခြင်း လုပ်ငန်းဆောင်ရွက်

မတူပီ သြဂုတ် ၁၂

ချင်းပြည်နယ်၊ မတူပီခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၏ ပထမနေ့ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများ စိစစ်ခြင်းလုပ်ငန်းကို ဩဂုတ်လ (၁၀) ရက်နေ့က စတင်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်ရာတွင် ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအယ်လ်စန်းတွဲက လုပ်ငန်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားပြီးနောက် အတွင်းရေးမှူး ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးမင်းအောင်ရှိန်က မတူပီခရိုင်အတွင်း (၂၀.၇.၂၀၂၀) ရက်နေ့မှ (၇.၈.၂၀၂၀) ရက်နေ့ အထိ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာကို တင်သွင်းသူ စုစုပေါင်း (၄၇) ဦး ရှိပါကြောင်း၊ (၈.၈.၂၀၂၀) ရက်နေ့မှ (၁၀.၈.၂၀၂၀) ရက်နေ့အတွင်း အမည်စာရင်းတင်သွင်းလွှာအား မိမိသဘောဆန္ဒအလျောက် ရုပ်သိမ်းသူ တစ်ဦး ရှိသည့်အတွက် ဩဂုတ်လ (၁၁) ရက်နေ့ထိ တင်သွင်းလွှာ တင်သွင်းသူ (၄၆) ဦးရှိပါကြောင်း ဦးစွာ ဆွေးနွေး တင်ပြသည်။ ဆက်လက်၍ အမည်စာရင်း တင်သွင်းလွှာများအား (၁၁.၈.၂၀၂၀) ရက်နေ့ (ပထမ) နေ့ ရုံးချိန်အတွင်း အမှုတွဲ အမှတ်စဉ်အတိုင်း(၂၅)ဦး၏ တင်သွင်းလွှာများကို စိစစ်သွားမည်ဖြစ်ပြီး (၁၂.၈.၂၀၂၀)ရက်(ဒုတိယ)နေ့တွင် ကျန်ရှိသည့် ကိုယ်စားလှယ်လောင်း (၂၁) ဦး၏တင်သွင်းလွှာများကို စိစစ်သွားမည်ဖြစ်ပါကြောင်း၊ ထို့နောက် တင်သွင်းလွှာများကို လွှတ်တော် ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေအခန်း (၆) လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာ စိစစ်ခြင်း အခန်းပါ နည်းဥပဒေ ပုဒ်မ ၂၆၊ ၂၇၊ ၂၈၊ ၂၉၊ ၃၀၊ ၃၁၊ ၃၂ များနှင့်အညီ စိစစ်သွားမည်ဖြစ်ပါကြောင်း ထည့်သွင်းပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာ စိစစ်ခြင်းလုပ်ငန်း၌ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၊ ဌာနဆိုင်ရာများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)