ချင်းပြည်နယ်ဟားခါးမြို့၌ ရွေးကောက်ပွဲအငြင်းပွားမှု စေ့စပ်ညှိနှိုင်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီး

ဟားခါး     သြဂုတ်      ၁၁

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြီးကြပ်လမ်းညွှန်မှုနှင့်အတူ IFES(INTERNATIONAL FOUNDATION FOR ELECTORAL SYSTEM) ၏ ကူညီပံ့ပိုးမှုဖြင့် ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး သင်တန်းခန်မ၌ နှစ်ရက်ကြာကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲ အငြင်းပွားမှုစေ့စပ်ညှိနှိုင်းရေး ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် အောင်မြင်စွာကျင်းပပြီးစီးသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို IFES(INTERNATIONAL FOUNDATION FOR ELECTORAL SYSTEM) ၏ ကူညီပံ့ပိုးမှုဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် မြို့နယ်အသီးသီးတွင် တာဝန်ယူ ဆောင်ရွက်ကြရမည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များအား စေ့စပ်ညှိနှိုင်းရေး ဆိုင်ရာ ကိစ္စရပ်များအား သိရှိနားလည် နိုင်စေရေးအတွက် အမုန်းစကားမပြောဆိုရေး၊ ခွဲခြားဆက်ဆံမှု မရှိစေရေး ရွေးကောက်ပွဲနှင့် ဆက်နွယ်သည့် အငြင်းပွားဖွယ် ကိစ္စရပ်များအား ညှိနှိုင်းဖြေရှင်း နိုင်ရေးနည်းလမ်းများကို ဆွေးနွေးပို့ချခဲ့ကြသည်။

ချင်းပြည်နယ် ဟားခါးမြို့တွင် ဖွင့်လှစ်သည့် အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ဟားခါးခရိုင်နှင့် ဖလမ်း ခရိုင်အတွင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တစ်မြို့နယ်လျှင် ၂ ဦးနှုန်းဖြင့် ၅ မြို့နယ် ၁၀ ဦး တက်ရောက်ခဲ့ကြပြီး ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့၌လည်း မြို့နယ် ၄ မြို့နယ်မှ ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲဝင် ၈ ဦးဖြင့် ကျင်းပပြုလုပ် မည်ဖြစ်ကြောင်း၊ ဟားခါးခရိုင်၊ ဖလမ်းခရိုင်၊ မင်းတပ်ခရိုင်နှင့်မတူပီခရိုင်တို့ရှိ ခရိုင်အဆင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များကိုမူ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို  Video Conferencing ဖြင့်ကျင်းပ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးလင်းကျော်ထံမှ သိရသည်။

မြင့်နိုင်စိုး (ပြန်/ဆက်)