ကျီခါး ဩဂုတ် ၁၁
ချင်းပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုအောက်ရှိ ကျီခါးမြို့ စည်ပင်သာယာရေး အဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်း လိုင်စင်များကို လေလံရောင်းချရေးအဖွဲ့မှ ချိတ်ပိတ်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအရပ်ရပ်ဆိုင်ရာ လုပ်ငန်းလိုင်စင်ရောင်းချခြင်းကို ကျီခါးမြို့ စည်ပင်သာယာရေးအဖွဲ့ရုံး၌ ဩဂုတ်လ ၂၁ ရက်နေ့ နံနက်(၁၀)နာရီတွင် ကျင်းပသွားမည်ပြီး အရပ်ရပ်အခွင့်အရေး လိုင်စင်များဖြစ်သော အမဲသတ်လိုင်စင်အား ကြမ်းခင်းဈေး (၈၅,၀၀၀)ကျပ်နှင့် တင်သွင်းရမည့် စားပွဲတင်အာမခံငွေ (၄၂,၅၀၀)ကျပ်ဖြင့် လည်းကောင်း၊ ဝက်သားသတ်လိုင်စင်အား ကြမ်းခင်းဈေး (၇၅,၀၀၀)ကျပ်နှင့် တင်သွင်းရမည့်စားပွဲတင် အာမခံငွေ (၃၇၅၀၀)ကျပ်ဖြင့် လည်းကောင်း၊ မြို့တွင်းဘီးကောက်လိုင်စင်အား ကြမ်းခင်းဈေး (၆၀၀၀၀)ကျပ်နှင့် တင်သွင်းရမည့် စားပွဲတင်အာမခံငွေ(၃၀၀၀၀)ကျပ်ဖြင့် လည်းကောင်း ရောင်းချပေးသွားမည် ဖြစ်သည်။
လေလံဆွဲသူသည် လေလံစည်းကမ်းချက်များနှင့်ညီညွတ်သော မြန်မာနိုင်ငံသား၊ အသက်(၁၈)နှစ် ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ် (သို့) အမျိုးသားမှတ်ပုံတင်ကတ် (သို့) ဧည့်နိုင်ငံသားကတ် ကိုင်ဆောင်သူဖြစ်ရမည်ဖြစ်ပြီး စည်ပင်သာယာရေးအဖွဲ့၊ ပြည်တွင်းခွန်နှင့် သက်ဆိုင်ရာ အခွန်အခပေးသွင်းရန် ကြွေးကျန်ရှိသူများ၊ အဖွဲ့အမည်ပျက်စာရင်း သတ်မှတ်ခံထားရသူများ၊ သက်ဆိုင်ရာဘဏ္ဍာနှစ်အတွက် လေလံပိတ်ပင်ခံရသူများ၊ ၎င်းတို့နှင့်အတူ နေအိမ်ထောင်စု စာရင်းဝင်သူများ၊ သတ်မှတ်ချက်အရ တင်ပြရမည့် စာရွက်စာတမ်း အထောက်အထားများ တင်ပြနိုင်ခြင်းမရှိသူများ၊ နိုင်ငံခြားသားများနှင့် ဌာနဆိုင်ရာ အသင်းအဖွဲ့များ၊ အမည်ခံဆွဲသူများ အိမ်ထောင်စုစာရင်းဝင် ပုဂ္ဂိုလ်များအား လေလံဆွဲဝယ်ခွင့်ပြုမည် မဟုတ်ကြောင်း သိရသည်။
လျှောက်ထားသူသည် လျှောက်လွှာများနှင့်အတူ ဩဂုတ်လ ၂၀ ရက်နေ့ ညနေ(၄)နာရီခွဲ နောက်ဆုံးထား၍ ကျီခါးမြို့ စည်ပင်သာယာရေးအဖွဲ့ရုံးတွင် လာရောက်လျှောက်ထား နိုင်ပါကြောင်းနှင့် လေလံအထွေထွေ စည်းကမ်း၊ သက်ဆိုင်ရာ လိုင်စင်စည်းကမ်းချက်များနှင့် အခြားအကြောင်းအရာ အသေးစိတ်အချက်အလက်များ သိရှိလိုပါက ရုံးအချိန် အတွင်း တယ်လီဖုန်းဖြင့် လည်းကောင်း၊ လူကိုယ်တိုင်သွား၍ လည်းကောင်း ဆက်သွယ်မေးမြန်းနိုင် ကြောင်း ကျီခါးမြို့စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
ဆလိုင်းလိန်းမာန်(ပြန်/ဆက်)