ဖလမ်းခရိုင်အတွင်း အမည်စာရင်းတင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ်လောင်းများအား စိစစ်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

ဖလမ်း   သြဂုတ်   ၁၁

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံကြမည့် ဖလမ်းခရိုင်အတွင်းရှိ မြို့နယ်အသီးသီးက အမည်စာရင်း တင်သွင်း ထားကြသော နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်ချက်များနှင့်အညီ ဖလမ်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီအချိန်မှစကာ စိစစ်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

ဖလမ်းခရိုင်အတွင်း ဖလမ်းမြို့နယ်၊ တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်တို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်အရွေးချယ်ခံရန် အတွက် တစ်သီးပုဂ္ဂလနှင့် နိုင်ငံရေးပါတီ (၈)ခုမှ လွှတ်တော်အလိုက် အမည်စာရင်း တင်သွင်းထားရှိသူပေါင်း ၇၈ ဦးရှိပြီး အဆိုပါလွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းတင်သွင်းလွှာများကို သြဂုတ်လ ၁၁ ရက်နေ့မှစတင်၍ ဖလမ်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များက စိစစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖလမ်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမျိုးမင်းစိုးထံမှ သိရသည်။

ဖလမ်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အနေဖြင့် သြဂုတ်လ ၁၁ ရက်နေ့တွင် ဖလမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အတွက်  အမည်စာရင်း တင်သွင်းထားသော လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၈ ဦးအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လမ်းညွှန်ထားသော လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းရာတွင် စိစစ် ဆောင်ရွက်ရန် အချက်များနှင့်အညီ စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)