ဖားကန့်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဥရုချောင်းရေမြင့်တက်ပြီး မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့ ရေနစ်မြုပ်

ဖားကန့်  ဩဂုတ်  ၁၁

ကချင်ပြည်နယ်၊ ဖားကန့်ဒေသ ဥရုချောင်းအထက်ပိုင်း ကံဆီး၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့က ဥရုချောင်းရေ ၈ ပေခန့် မြင့်တက်ခဲ့ပြီး မြို့ပေါ်ရပ်ကွက်အချို့နှင့် ကျေးရွာများတွင် ချောင်းရေမြင့်တက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဥရုချောင်းရေ မြင့်တက်မှုကြောင့် ဖားကန့်မြို့၏ အနိမ့်ပိုင်း‌နေရာများဖြစ်သည့် မော်ဝမ်းရပ်ကွက်ရှိ ဝန်ထမ်းအိမ်ရာဘက်ခြမ်း၊ ငှက်ပျောတောရပ်ကွက်၊ မရှီကထောင် ရပ်ကွက်နှင့် မြို့မကျောက်ဝိုင်းတို့ အပြင် လုံးခင်းကျေးရွာရှိ နေအိမ်အချို့ ရေနစ်မြုပ်ခဲ့သည်။

ထို့အပြင် ဥရုချောင်းအထက်ပိုင်းရှိ နန့်စမ်းချောင်းအား ဖြတ်ကူးထားသည့် ၂၀၁၉ ခုနှစ် CSR (ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်) ရန်ပုံငွေ ကျပ်သိန်း ၆၀၀ ဖြင့် တည်ဆောက်ထားသည့် အလျား(၁၂၀)ပေ၊ အကျယ်(၁၀)ပေ၊ အမြှင့်(၁၂)ပေရှိ နန့်စမ်း-၂ သံဘောင်တံတားမှာ  နန့်စမ်းချောင်းရေတိုက်စားမှုကြောင့် အလယ်ကွန်ကရစ်တိုင် ၁ ပေခန့် ညွတ်ကျမှု ဖြစ်ပွားခဲ့ရသည်။

အလားတူ ယမန်နေ့က မိုးသည်းထန်မှုကြောင့် ရေနုတ်မြောင်းများနှင့် ဥရုချောင်းအတွင်း စီးဝင်သည့် ချောင်းလက်တက်များ ရေလျံခဲ့သည့်အတွက် လုံးခင်းကျေးရွာအုပ်စု၊ မှော်ပုံကျေးရွာ ၌ လေးနှစ်အရွယ် ကလေးငယ်(မ)တစ်ဦး အိမ်ရှေ့ရေနုတ်မြောင်းအတွင်း ပြုတ်ကျကာ ဆန်ခါချောင်းလက်တက်အတွင်း မျောပါခဲ့မှု ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း သိရသည်။

ဥရုချောင်းရေသည် ဩဂုတ် ၁၁ ရက် ယနေ့နံနက်ပိုင်းမှစတင်ကာ တရိပ်ရိပ်ကျဆင်းသွားပြီး ပုံမှန် ရေမျက်နှာပြင်သို့ ရောက်ရှိရန် နှစ်ပေခန့်သာလိုပြီး ရေမြင့်တက်မှု မရှိတော့ကြောင်း သိရသည်။

တာလင်းမောင်(ပြန်/ဆက်)