ထန်တလန်မြို့နယ်၌ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ထန်တလန်  ဩဂုတ်လ ၁၁

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ထန်တလန်မြို့နယ်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက သစ္စာစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က ထန်တလန်မြို့ အမှတ် (၂) ရပ်ကွက်ရှိ စေတနာအဆောင်တွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ထန်တလန်မြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးမျိုးဝင်းရှိန်နှင့် ဝန်ထမ်းများသည် ထန်တလန်မြို့နယ်အနေဖြင့် နိုင်ငံသားကတ် ပျောက်ဆုံးသူများနှင့် အသက်(၁၈)နှစ် ပြည့်ပြီးသူများထဲမှ နိုင်ငံသားစိစစ်ရေးကတ်မရှိသူ လူဦးရေပေါင်း(၁၆၀၂)ဦးရှိကာ ၎င်းတို့အနက်မှ ယနေ့အထိ (၁၂၈၅)ဦးအတွက် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ကျန်ရှိသည့် ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင်လည်း ရွေးကောက်ပွဲမတိုင်မီ ကာလအတွင်း အပြီးထုတ်ပေးနိုင်ရေးဆက်လက်၍ ကွင်းဆင်းဆောင်ရွက်ကာ ပြုလုပ်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)