ဖာပွန် ဩဂုတ် ၁၁
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းစိစစ်ရေးဆိုင်ရာ ဒုတိယအကြိမ် အကြိုညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစောဘူးသောက အဖွင့်အမှာစကားပြောကြားရာ၌ ဖာပွန်မြို့နယ်တွင် ကိုယ်စားလှယ် လောင်း အမည်စာရင်းတင်သွင်းသူ (၂၂) ဦးရှိပြီး ဩဂုတ်လ (၁၂) ရက်နေ့မှ (၁၃) ရက်နေ့အထိ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ အဖွဲ့ (၂)ဖွဲ့ခွဲ၍ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများအားစိစစ်ရာတွင် မှားယွင်းမှုမရှိစေရေးနှင့် မှန်ကန်မှုရှိစေရေးအတွက် တာဝန်ရှိသူများပူးပေါင်းပါဝင်စေလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဇော်မင်းထွန်းက ကိုယ်စားလှယ်လောင်းများ စိစစ်ရေးဆိုင်ရာလုပ်ငန်းများအား ရှင်းလင်းပြောကြားရာ တက်ရောက်လာသူများက သိရှိလိုသည်များမေးမြန်းဆွေးနွေးကြခြင်း၊ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြား ခြင်းများ ဆောင်ရွက်ခဲ့ပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များဖြစ်သည့် အများယုံကြည်လေးစား ခြင်းခံရသောပုဂ္ဂိုလ်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
စိုင်းကျော်ဝဏ္ဏ၊ တိုးဝေဇင် (ပြန်/ဆက်)