ချင်းပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကိုဗစ် - ၁၉ စီးပွားရေး ကုစားမှု အစီအစဉ်ဖြင့် လူသုံးကုန် လက်တွေ့လုပ်ငန်းခွင်သင်တန်း (၂/၂၀၂၀) ကို ဟားခါးမြို့၌ ဖွင့်လှစ်

ဟားခါး  သြဂုတ်  ၁၀

ချင်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကိုဗစ် - ၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် လူသုံးကုန် လက်တွေ့လုပ်ငန်းခွင် (၂/၂၀၂၀) သင်တန်းကို ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့စျေးသစ်ရပ်ကွက်ရှိ ကာရာနီ ဘုရားကျောင်း၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ချင်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်မျိုးဦးက အဖွင့်အမှာစကား ပြောကြားကာ ပြည်နယ်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစိုးသိန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့်အတူ စားသောက်ကုန်၊ လူသုံးကုန် ပစ္စည်းများနှင့် ပတ်သက်၍ သင်တန်းမှပို့ချသည့် သင်ခန်းစာများကို အလေးထား လိုက်နာသင်ယူကြရန်၊ လူသုံးကုန်နှင့်ရိုးရာလက်မှုပညာများ၊ အသက်မွေးဝမ်းကျောင်း ပညာရပ်များအား တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ အသေးစား စက်မှုလက်မှု လုပ်ငန်း ဦးစီးဌာနများမှ  ကိုဗစ် - ၁၉ စီးပွားရေး ကုစားမှု အစီအစဉ်ဖြင့် လူသုံးကုန် လက်တွေ့လုပ်ငန်းခွင် သင်တန်းပေါင်း (၃၀၀) ကျော်ဖြင့် သင်တန်းသား၊ သင်တန်းသူ (၉၀၀၀) မွေးထုတ် ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

အဆိုပါ လူသုံးကုန်လက်တွေ့လုပ်ငန်းခွင်သင်တန်းသို့ ဟားခါးမြို့ပေါ်ရပ်ကွက်များမှ သင်တန်းသား၊ သင်တန်းသူ (၃၅) ဦး တက်ရောက် ကြပြီး သင်တန်းကာလမှာ သြဂုတ် (၁၀) ရက်နေ့မှစ၍ (၆) ရက် ကြာစာတွေ့လက်တွေ့များဖြင့် တစ်ပိုင်တစ်နိုင် ထုတ်လုပ်ရောင်းချ နိုင်သည်အထိ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကျော်စွာဟိန်း ၊ ခရိုင်(ပြန်/ဆက်)