ဟားခါး သြဂုတ် ၁၀
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်ရမည့်လုပ်ငန်းများ စနစ်တကျစီမံထားရှိနိုင်ရေး ဟားခါးခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ဟားခါး ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဟားခါးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဟားခါးမြို့နယ်၊ ထန်တလန်မြို့နယ်တို့မှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ တက်ရောက်ခဲ့ ကြသည်။
ရှေးဦးစွာ ဟားခါးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဝေမောင်က ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ ပြုလုပ် နိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအနေဖြင့် ကြိုတင်ပြင်ဆင် ထားရှိရမည့်လုပ်ငန်းများ စနစ်တကျ စီမံထားရှိဆောင်ရွက်နိုင်ရေးနှင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား လုပ်ငန်းကျွမ်းကျင်မှုရှိစေရေး မဲရုံဆိုင်ရာသင်တန်းများ ဖွင့်လှစ်နိုင်ရေး အစီအမံများ အားကြိုတင်စီမံ ဆောင်ရွက်ထားရှိကြရန်နှင့် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။
ယင်းနောက် ဟားခါးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးလျန်ဟေးက ရွေးကောက်ပွဲ ကာလနီးလာသည်နှင့်အညီ ဆောင်ရွက်ရန်လုပ်ငန်းများကို ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်၏ လမ်းညွှန်မှုနှင့်အတူ အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ရမည့် အပိုင်းများနှင့် မဲဆန္ဒရှင်များ စာရင်းကြေညာစဉ်ကာလအတွင်း တွေ့ရှိရသည့် လုပ်ငန်းအခြေအနေများ အပေါ်ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး များနှင့်အဖွဲ့ခွဲအဖွဲ့ဝင်များက မဲဆန္ဒနယ်အလိုက် မဲရုံများတည်ဆောက်ရန် ကြိုတင်ပြင်ဆင် ထားရှိမှု အခြေအနေများနှင့် ရွေးကောက်ပွဲလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ကဏ္ဍအလိုက် စီမံဆောင်ရွက်ထားရှိမှုအခြေအနေများကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
ဟားခါးခရိုင်အတွင်း ဟားခါးမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း ၇၂၄၁၉ ဦးရှိပြီး မဲရုံပေါင်း ၈၈ ရုံ၊ ထန်တလန်မြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း ၅၅၇၅၉ ဦးရှိပြီး မဲရုံပေါင်း ၁၀၅ ရုံ ရှိကြောင်း၊ မဲရုံများတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်မှု များအပါအဝင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေး သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
မြင့်နိုင်စိုး(ပြန်/ဆက်)