လိုင်လင်းပီ ဩဂုတ် ၁၀
လိုင်လင်းပီမြို့၌ မြစိမ်းရောင် စီမံကိန်းချေးငွေများ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် MTP Hall ခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ချေးငွေမှာ လိုင်လင်းပီကျေးရွာအဖြစ်တည်ရှိစဉ် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်ကတည်းက မတည်ငွေကျပ် သိန်း၃၀၀ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မတူပီမြို့နယ်၏ကြီးကြပ်မှုနှင့် လိုင်လင်းပီ မြစိမ်းရောင်ရန်ပုံငွေ ကော်မတီအဖွဲ့မှ တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပြီး ယခုနှစ်တွင် နိုင်ငံတော်မှချမှတ်ထားသော ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ ကျေးလက်ဒေသနေပြည်သူများ လူမှုစီးပွားရေး ထိခိုက်မှုကို ကုစားပေးနိုင်ရန်အတွက် ဆောင်ရွက်ပေးသည့် ရန်ပုံငွေစီမံကိန်း ဖြစ်သောကြောင့် ချေးငွေအတိုးမှာ ယခင်နှစ်များကဲ့သို့ အတိုး(၁%)မဟုတ်တော့ဘဲ အတိုး(၀.၅%)သို့ အတိုးနှုန်းလျှော့ချကာ ထုတ်ချေပေးသွားမည်ဖြစ်ကြောင်း ကော်မတီမှတာဝန်ရှိသူ၏ ပြောကြား ချက်အရ သိရသည်။
ယခုနှစ်တွင် အဆိုပါ ချေးငွေရန်ပုံငွေမှ ကျပ်သိန်း(၄၅၀)ကို ပြည်သူ(၁၄၇)ဦးထံ ထုတ်ပေးခဲ့ကြပြီး လာမည့် ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် နောက်ဆုံးထား၍ ပြန်ဆပ်ရမည်ဖြစ်ကြောင်းနှင့် ယခုအချိန်တွင် ယင်းစီမံကိန်းမှအတိုးငွေသီးသန့် ကျပ်သိန်း(၁၉၀)ထိရှိလာပြီး ယင်းအတိုးငွေ၏ (၅၀%)ကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင် ရွက်နိုင်ရန်အတွက် မြို့နယ်သို့ လျှောက်ထားခွင့် ရှိကြောင်းသိရသည်။
ယာကမ် (ပြန်/ဆက်)