မယ်စဲ့ ဩဂုတ် ၁၀
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု) ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများအား မိုးရာသီကာလအတွင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကယားပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထူးနှင့် တာဝန်ရှိသူ များက ဟိုဂျစ် ကျေးရွာအုပ်စုရှိ ဟိုဂျစ်-ဟိုဖ-လယ်တော ကျေးရွာချင်းဆက်လမ်း (၉/၀)မိုင် ရှိသည့်အနက် (၄/၀)မိုင် မြေသားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်း၊ ၎င်းလမ်းပေါ်ရှိ (၃၀)ပေ ကွန်ကရစ် တံတား(၂)စင်း တည်ဆောက်ခြင်း လုပ်ငန်းနှင့် (ဖြည့်စွက်)ရန်ပုံငွေဖြင့် ဟိုဖ ကျေးရွာအနီး (၃၀)ပေ ကွန်ကရစ်ရေးကျော်တံတား ၁ စင်း တည်ဆောက်ပြီးစီးမှု လုပ်ငန်း အခြေအနေ များအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး နှင့် လုပ်ငန်း အရည်အသွေး ကောင်းမွန်စေရေး အလေးထားဆောင်ရွက်ပေးရန် သက်ဆိုင်ရာ ကုမ္ပဏီ တာဝန်ရှိသူ များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက နယ်စပ်ဒေသအစွန်အဖျားရှိ ကျေးလက်နေ ပြည်သူများသည် ဟိုစဲ့၊ လမ်းဆုံ၊ လယ်တော၊ ဟိုဖ၊ ဟိုဂျစ်၊ နမ့်ဟူးနှင့် မယ်ဆည်နမ် စသည့် ကျေးရွာများသည် တစ်ရွာနှင့်တစ်ရွာ ရာသီမရွေး သွားလာနိုင်မည်ဖြစ်သည့်အပြင် မယ်စဲ့မြို့နယ်၊ ဖားဆောင်းမြို့နယ်နှင့် ဘောလခဲမြို့နယ်များကို အလွယ်တကူသွားလာနိုင်မည်ဖြစ်၍ ကျေးလက်နေ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည့် လူမှုဘဝလည်း ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
စိုင်းလျှမ်း(ပြန်/ဆက်)