Mask တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပထွက်ခွာသူများအား ဒဏ်ရိုက်စနစ်ဖြင့်အရေးယူ

တွန်းဇံ ဇွန် ၁

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၁ ခုနှစ် ယနေ့နံနက် ၈ နာရီအချိန် ဗိုလ်ချုပ်လမ်းဆုံ၌ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက Mask တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပထွက်ခွာသူများအား ဒဏ်ရိုက်စနစ်ဖြင့် အရေးယူမှုများကို ဆောင်ရွက်ခဲ့ကြသည်။

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ Covid-19 Positive တွေ့ရှိလူနာ များပြားလာသည့်အတွက် ပြည်သူများ Covid-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် Mask Campaign ပြုလုပ်ပြီး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

Mask Campaign ပြုလုပ်ခြင်းဖြင့် အသိပညာပေး လုပ်ငန်းဆောင်ရွက်ပြီးနောက် Mask တပ်ဆင်ခြင်း မရှိဘဲ နေအိမ်ပြင်ပထွက်ခွာသူများအား တစ်ဦးလျှင် ကျပ်တစ်ထောင်နှုန်းဖြင့် ဒဏ်ရိုက်ပြီး Mask တစ်ခုကို ပြန်လည်ပေးအပ် ခဲ့ကြသည်။

ယနေ့တွင် Mask တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပထွက်ခွာသူများထံမှ ဒဏ်ငွေ ကျပ်သုံးသောင်း သုံးထောင်ငါးရာတိတိရရှိပြီး အဆိုပါ ဒဏ်ငွေများကို စေတနာ့ဝန်ထမ်းများအဖွဲ့မှ ထိန်းသိမ်း ထားရှိခဲ့သည်။

အဆိုပါဒဏ်ငွေများဖြင့် Mask များ ပြန်လည်ဝယ်ယူပြီး ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် လူနာများနှင့် Quarantine Center တွင်ထားရှိသော Covid-19 Positive လူနာရှင်များအား ဖြန့်ဝေပေး သွားမည်ဖြစ်သည်။

Mask တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပ ထွက်ခွာသူများကို ဒဏ်ရိုက်စနစ်ဖြင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ဝေဖြိုး(ဇလပ်မြေ)