ရိခေါ်ဒါရ်၌ မြေငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဒုတိယအကြိမ်အသိပညာပေးဟောပြောပွဲ ကျင်းပ

ရိခေါ်ဒါရ်       သြဂုတ်      ၇

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်၏ စီစဉ်ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီး မြေငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဒုတိယအကြိမ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ရိခေါ်ဒါရ်မြို့၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ရိခေါ်ဒါရ်မြို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်က အမှာစကားပြောကြားရာတွင် ရိခေါ်ဒါရ်မြို့၌ ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်က အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခုလှုပ်ခတ်မှုကြောင့် လူနေအိမ်များ ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး နောက်ပိုင်းတွင်လည်း အင်အား အနည်းငယ်ရှိသည့် မြေငလျင်လှုပ်ခတ်မှု မကြာခဏ ကြုံတွေ့ရပါကြောင်း၊ ယခုအချိန်သည် မိုးတွင်းကာလ ရာသီဖြစ်သည်နှင့်အညီ မထင်မှတ်သည့် မြေငလျင်ဘေးအပါအဝင် အခြားသော သဘာဝဘေး အန္တရာယ်များဖြစ်သည့်  ရေဘေး၊ လေဘေး၊ မြေပြိုဘေး စသည်များ ကြုံတွေ့လာနိုင်ပါသဖြင့် ပြည်သူများအနေဖြင့် အသိသတိဖြင့် နေထိုင်သွားကြရန်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ထုတ်ဝေထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ လက်ကမ်းစာစောင်များပါ သိရှိလိုက်နာရမည့်အချက်များ၊ ရှောင်ရှားရမည့်အချက်များကို အလေးထားလိုက်နာ ဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားသည်။

ထို့နောက် ရိခေါ်ဒါရ်မြို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင် ရိခေါ်ဒါရ် နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်အောင်ဆန်းလင်းက မြေငလျင်လှုပ်ခတ်စဉ်နှင့် လှုပ်ခတ်ပြီးနောက် ဆောင်ရွက်ကျင့်သုံးရမည့် အချက်များ၊ ရှောင်ရှားရမည့်အချက်များ၊ အခြားသော သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အသေးစိတ် ရှင်းလင်းဆွေးနွေးပြီး ရိခေါ်ဒါရ်နယ်မြေ မီးသတ်စခန်းတာဝန်ခံ ဦးလာလ်ရွတ်ထီးယန်းက မြေငလျင်အန္တရာယ်အပါအဝင် အခြားသဘာဝဘေးအန္တရာယ် ဆိုင်ရာ ဆွေးနွေးချက် များကို ဒေသ မီဇိုးချင်းဘာသာစကားဖြင့် ပြန်လည်ဆွေးနွေးပေးပြီးနောက် “ငလျင်ဘေးဒဏ် ရင်ဆိုင်တုံ့ပြန်နိုင်ဖို့ ကြိုတင်ပြင်ဆင်ကြပါစို့။” အသိပညာပေး ဗီဒီယိုဇာတ်လမ်းတိုကို Projector ဖြင့် ပြသပေးသည်။

ဆက်လက်၍ ရိခေါ်ဒါရ်မြို့အုပ်ချုပ်ရေးမှူးက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ဆိုင်ရာ သိရှိလိုက်နာရမည့်အချက်များ၊ ဆောင်ရန်/ရှောင်ရန်အချက်များကို အသေးစိတ် ဆွေးနွေး ပြီးနောက် ရိခေါ်ဒါရ်မြို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီတို့ ပူးပေါင်းပြီး ရိခေါ်ဒါရ်မြို့အခြေခံပညာ အထက်တန်းကျောင်း အတွက်  ငွေကျပ်ငါးသောင်း၊ မျက်နှာကာ (Face Shield) ၄၀ ခု၊ လက်ဆေးရည်၊ Hand Gel နှင့် ပိုးသတ်ဆေးများကို မြို့အုပ်ချုပ်ရေးမှူး၊ စခန်းမှူးနှင့် မီးသတ်တာဝန်ခံတို့က ပေးအပ်ခဲ့ရာ အထကကျောင်းအုပ်ဆရာကြီး ဦးယောင်မန်းက လက်ခံပေးသည်။

အဆိုပါ မြေငလျင်ဘေးအန္တရာယ်ဆိုင်ရာဆွေးနွေးပွဲသို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ပြည်သူများ၊ ကျောင်းဆရာ/မ များနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြပြီး အခမ်းအနား တက်ရောက်လာသူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ဝေထားသည့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ လက်ကမ်းစာစောင် လေးမျိုးကိုအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လာလ်ပက်လောမ် (ပက်ကာ)