မင်းတပ်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဖွင့်လှစ်နိုင်ရေး အစည်းအဝေးကျင်းပ

မင်းတပ်   သြဂုတ်  ၇

ချင်းပြည်နယ် မင်းတပ်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမောင်ထူးက ကျောင်းသား/သူများ ပညာသင်ကြားရေး နှောင့်နှေးကြန့်ကြာမှုမဖြစ်စေရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ ကျောင်းများအားလုံးဖွင့်လှစ်နိုင်ရေးအတွက် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ခရိုင်ပညာရေးဌာန တို့ ပေါင်းစပ်ညှိနှိုင်း လုပ်ကိုင် ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်ဝင်းနိုင်က ဆောင်ရွက်ထားရမည့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များ အပေါ် ဆွေးနွေးပြောကြားပြီး ခရိုင်ပညာရေးမှူး ဦးဟန်တင်က မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ပလက်ဝမြို့နယ်များတွင် အခြေခံပညာ အထက်တန်းဆင့်ကျောင်းပေါင်း (၁၀၃)ကျောင်းရှိရာ ဇူလိုင်လကုန် အထိ (၆၁)ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ဖွင့်လှစ်ရန်ကျန်ရှိသည့် (၄၂)ကျောင်းကိုလည်း အမြန်ဆုံးဖွင့်လှစ်သွားနိုင်ရေး စီစဉ်ဆောင်ရွက်ထားမှု အခြေအနေတို့ကို ရှင်းလင်းဆွေးနွေး ခဲ့သည်။

မင်းတပ်ခရိုင်အတွင်းပလက်ဝမြို့နယ်တွင်(၃၈)ကျောင်းရှိသည့်အနက် (၁)ကျောင်းသာဖွင့်လှစ် ထားနိုင်ကြောင်း၊ ကန်ပက်လက်မြို့နယ်တွင်(၁၆)ကျောင်း၊ မတူပီမြို့နယ်တွင် (၂၄)ကျောင်းအားလုံး ဖွင့်လှစ်နိုင်ပြီး မင်းတပ်မြို့နယ်တွင် (၂၅)ကျောင်းရှိသည့် အနက်(၂၀)ကျောင်း ဖွင့်လှစ်နိုင်ပြီး ဖွင့်လှစ်ရန် ကျန်ရှိသည့်(၅) ကျောင်းမှာလည်း  သတ်မှတ်ချက် (A)အဆင့်ရပြီး  ဖြစ်၍  မကြာမီ ဖွင့်လှစ်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

လင်းလင်း(ပြန်/ဆက်)