မင်းတပ်မြို့၌ ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲ ကျင်းပ

မင်းတပ်    သြဂုတ်      ၇

ချင်းပြည်နယ် မင်းတပ်မြို့တွင် ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲကို   ယနေ့နံနက် ၉ နာရီခွဲက မင်းတပ်မြို့ ထေရဝါဒဗုဒ္ဓသာသနာပြုဗဟိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ   ဝါဆိုသင်္ကန်းဆပ်ကပ်  လှူဒါန်းပွဲကို နမောတဿ(၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီး  တက်ရောက်   လာကြသော    ဌာနဆိုင်ရာဝန်ထမ်းများက ချင်းပြည်နယ် သံဃနာယက အဖွဲ့ဝင် တောင်ပုလုကျောင်းတိုက်ခွဲ၏ ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တအရှင်ပညာသီရိထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။

ဆက်လက်၍ ဆရာတော် သံဃာတော်အရှင်သူမြတ်များက (ကိုဗစ်−၁၉)ကာလနှင့် လျော်ညီစွာ ရတနာသုတ် ပရိတ်တရားတော်များကို ချီးမြှင့်ကြသည်။ ထို့နောက်ခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမောင်ထူးနှင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ဌာနအလိုက် ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို အသီးသီး ဆပ်ကပ် လှူဒါန်းကြသည်။  

ထို့နောက် တောင်ပုလုကျောင်းတိုက်ခွဲ၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တအရှင်ပညာသီရိက ဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းရခြင်း အကျိုးကျေးဇူးတရားတော်ကို ဟောကြေားတော်မူကာ လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။

လင်းလင်း(ပြန်/ဆက်)