ဟားခါး သြဂုတ် ၇
ချင်းပြည်နယ် ဟားခါးမြို့အတွင်း စီးနင်းလျက်ရှိသော မော်တော်ယာဉ်များ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရေးနှင့် ယာဉ်မတော်တဆမှုများ လျော့နည်းစေရေးရည်ရွယ်၍ အသစ်ထုတ်ပြန်ထားသည့် မော်တော်ယာဉ်များ မောင်းနှင်နေစဉ် လိုက်နာရမည့် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေအသစ်များနှင့်အညီ လိုက်နာ ဆောင်ရွက်ခြင်း မရှိသူများအား အရေးယူဆောင်ရွက်ခြင်းများကို ယနေ့နံနက်ပိုင်းတွင် ဟားခါးမြို့၊ ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက်တွင် အမှတ်(၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး (ဟားခါး)မှ စတင်အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အရေးယူဆောင်ရွက်ရာတွင် အမှတ်(၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး(ဟားခါး)မှ ရဲအုပ်ကိုကိုမောင် ဦးဆောင်သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့များနှင့် ဟားခါးမြို့နယ်ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က မော်တော်ဆိုင်ကယ်မောင်းနှင်သူများ သတ်မှတ်ထားသော ဆိုင်ကယ်ဦးထုပ်များ ဆောင်း၍မောင်းနှင်ခြင်း ရှိ/မရှိ၊ ယာဉ်မောင်းလိုင်စင်စစ်ဆေးခြင်း၊ ယာဉ်လိုင်စင် စစ်ဆေး ခြင်း၊ မော်တော်ယာဉ် နံပါတ်ပြားများ စစ်ဆေးခြင်း၊ မော်တော်ဆိုင်ကယ်၏ ရှေ့မီးကောင်း၊ မကောင်းစစ်ဆေးခြင်းများ၊ နောက်ကြည့်မှန် တပ်ဆင်ထားမှု ရှိ၊ မရှိ၊ သတ်မှတ်အရေအတွက် ထက်ပို၍ စီးနင်းခြင်းများ စစ်ဆေး၍ အသစ်ထုတ်ပြန်ထားသည့် ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း မရှိသူစုစုပေါင်း ဦးရေ(၅၀)ကျော်ကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေအသစ်များကို အများပြည်သူသိရှိရန်အတွက် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း လုပ်ငန်းများကို သတ်မှတ်ပညာပေးကာလအထိ ဆောင်ရွက်ပြီးဖြစ်၍ ယခုတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေများကို လိုက်နာမှုမရှိဘဲ မော်တော်ယာဉ် မောင်းနှင်သွားလာသူများကို ဥပဒေနှင့်အညီ ထိရောက်စွာ စတင်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း အမှတ်(၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး(ဟားခါး)မှ ရဲအုပ်ကိုကိုမောင်ထံမှ သိရသည်။
အောင်ခွီရှိန်း(ပြန်/ဆက်)