ရေဇွာ သြဂုတ် ၇
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ရေဇွာမြို့၌ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေး လာရောက်ထိုးနှံကြရာတွင် ကလေးများနှင့်မိဘအုပ်ထိန်းသူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နှာခေါင်းစည်း Mask တပ်ဆင်စေခြင်း၊ ရုံးဝင်ပေါက်များတွင် လက်ဆေးခိုင်းခြင်း၊ လူတစ်ဦးနှင့်တစ်ဦး ၆ ပေ အကွာမှ နေထိုင်စေခြင်း၊ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးများ ထိုးနှံတိုက်ကျွေးရာတွင် အသက်အရွယ်လိုက် အသည်းရောင်၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင် အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်တီဘီကာကွယ်ဆေး၊ ပြင်းထန်း ဝမ်းလျှော့ ဝမ်းပျက် ရောဂါ၊ ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင်ရောဂါနှင့် ပိုလီယိုအစက်ချ ကာကွယ်ဆေးတို့ကို ထိုးနှံတိုက်ကျွေးခဲ့ကြောင်း သိရသည်။
ထိုနောက် ရေဇွာမြို့ရပ်ကွက် (၄)ရပ်ကွက်အပြင် ရေဇွာမြို့ကျန်းမာရေးဌာနအောက်ရှိ ကျေးရွာများတွင်လည်း ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဟုန်းအွမ်(ပြန်/ဆက်)