ဟားခါးမြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်း ကြေညာမှုများအား ချင်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းနှင့်အဖွဲ့ ကွင်းဆင်းစစ်ဆေး

ဟားခါး သြဂုတ်  ၆

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်မှုနှင့်အတူ ဟားခါးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဟားခါးမြို့ပေါ်ရပ်ကွက်များနှင့် နှီရ်လှောန်း ကျေးရွာရှိ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူအမည်စာရင်း ကြေညာမှုများအား  ယနေ့ နံနက်တွင်  ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး  ဦးတိုးဝင်း၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးလင်းကျော်နှင့် အဖွဲ့ဝင်များ၊ ဟားခါးမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထောင်ဇဆန်းနှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရသည်။

ရှေးဦးစွာ ချင်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး  ဦးတိုးဝင်းနှင့်အဖွဲ့သည် ဟားခါးမြို့ပေါ် ရပ်ကွက်များရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်းကြေညာသည့် နေရာများသို့ ရောက်ရှိ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအမည်စာရင်း လာရောက်ကြည့်ရှုသူများအား အမည်စာရင်း ပါရှိမှု ရှိ၊ မရှိ၊ အမည်စာရင်း ကြေညာထားသည့် အရေအတွက်နှင့် လာရောက် ကြည့်ရှုသူဦးရေ၊ မဲစာရင်းနှင့် စပ်လျဉ်းသည့် တောင်းဆိုခြင်း၊ပြင်ဆင်ခြင်း၊ ကန့်ကွက်ခြင်းများ ဆောင်ရွက်သူ ရှိ၊မရှိနှင့် လာရောက် သူဦးရေများကို တာဝန်ကျသူများအား စစ်ဆေးမေးမြန်းခြင်းများ ဆောင်ရွက် ပြီးနောက် နံနက် ၁၁ နာရီတွင် ဟားခါးမြို့နယ် နှီရ်လှောန်းကျေးရွာရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်းကြေညာမှုများနှင့် မဲထည့်ရမည့် မဲရုံနေရာများအား ကွင်းဆင်း ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များမှာကြားခဲ့ကြကြောင်း သိရှိရသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်မှုနှင့်အတူ ဇူလိုင်လ ၂၅ ရက် နေ့မှစ၍ (၁၄)ရက်ကြာ မဲဆန္ဒရှင်အမည်စာရင်းများ ကြေညာထားလျက်ရှိကြောင်း၊ ဟားခါးမြို့နယ်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ကျား ၁၈၇၄၆ ဦး မ ၂၀၉၅၀ ဦး စုစုပေါင်း ၃၉၆၉၆ ဦး ရှိပြီး မဲစာရင်းများကြေညာခြင်း လုပ်ငန်းများကို သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်များနှင့်အတူ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်း လူငယ်များ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ ဟားခါးမြို့ပေါ်တွင် မဲဆန္ဒရှင်များ လာရောက်ကြည့်ရှု၍ မဲစာရင်းနှင့် စပ်လျဉ်းသည့် တောင်းဆိုခြင်း၊ ပြင်ဆင်ခြင်း၊ ကန့်ကွက်ခြင်းများရှိပါက အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးရန်အတွက် စေတနာ့ဝန်ထမ်း လူငယ်ဦးရေပေါင်း(၄၂)ဦးမှ ကူညီဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါသည်။

အောင်ခွီရှိန်း(ပြန်/ဆက်)