ရေဇွာ ဇန်နဝါရီ ၂၇
ချင်းပြည်နယ်၊ ရေဇွာမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ် မီးသတ်ဦးစီးဌာနမှ အသိပေး နှိုးဆော်ခြင်းကို ဇန်နဝါရီလ ၂၅ ရက်နေ့ ညနေ(၅)နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိဘပြည်သူများ သိရှိလိုက်နာနိုင်ရန်အတွက် အသိပေးနိုးဆော်ရာတွင် မီးသုံးစွဲချိန်ကို နံနက်(၄)နာရီမှ (၁၀)နာရီထိ တစ်ကြိမ်နှင့် ညနေ(၄)နာရီမှ (၈)နာရီအထိ(၁)ကြိမ်၊ တစ်နေ့(၂)ကြိမ်သာချက် ပြုတ်သုံးစွဲရန်၊ မီးလောင်လွယ်သော သက်ကယ်၊ ဝါးအိမ်၊ သစ်သားတို့ဖြင့် ဆောက်လုပ်ထားသော နေအိမ်အဆောက်အဦများ အနေဖြင့် မီးမလောင်လွယ်သော သွပ်ပြားများဖြင့် အကာအကွယ်လုပ်ထားရန်၊ မီးဖိုအသုံးပြုရာတွင် လူအမြဲစောင့်ရန်နှင့် မီးအသုံးပြုပြီးပါက စနစ်တကျ ငြိမ်းသတ်ရန်၊ မီးဖိုမီးသုံးစွဲရန် ခွင့်ပြုထားချိန်အတွင်း လေပြင်းတိုက်ခိုက်ပါက မီးဖိုးမီးနှင့်တကွ အသုံးပြုနေသော မည်သည့်မီးကိုမဆို ငြိမ်းသတ်ထားရန်၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအား မီးဖိုတွင်ချက်ပြုတ်ရန် တာဝန်ပေးအပ်ခြင်းမပြုရန်၊ လမ်းလျောက်နေစဉ်၊ ယာဉ်စီးနင်းနေစဉ် ဆေးလိပ် သောက်သုံးခြင်းမပြုရန်၊ မိမိခြံဝန်းအတွင်း အမှိုက်များအား စုပုံမီးရှို့ခြင်းမပြုရန်၊ နေအိမ် အဆောက်အဦတိုင်းတွင် မီးငြိမ်းသတ် ကိရိယာများ ထားရှိကြရန်၊ ဟောင်းနွမ်းနေသော လျှပ်စစ်ဝါယာ ကြိုးများအား အသစ်လှဲလယ် အသုံးပြုကြရန်၊ ရပ်ကွက်/ကျေးရွာနှင့် ထိစပ်နေသည့်အိမ်၊ ခြံမြေ၊ လယ်ယာလုပ်ကိုင်သူများသည် အမှိုက်များ မီးရှို့လိုပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်ဖွဲ့ဝင်တို့၏ ထောက်ခံချက်များဖြင့် လျှောက်ထား၍ မြို့မီးသတ် ဦးစီးဌာန၏ ခွင့်ပြုချက်ရရှိမှသာ ဆောင်ရွက်ရန်၊ မြို့ပေါ်ရပ်ကွက်/ ကျေးရွာ လူနေအိမ်များတွင် တရားဝင် လောင်စာဆီများ ဖြစ်သော ဒီဇယ်ဆီများ သိုလှောင်ထားရှိခြင်း၊ ရောင်းချခြင်းများ မပြုကြရန်နှင့် သတ်မှတ်နေရာတွင်သာ ရောင်းချရန် အသိပေးနိုးဆော် ခဲ့ကြကြောင်း သိရသည်။
အထက်ပါဖော်ပြထားသော စည်းကမ်းချက်များ၊ ညွှန်ကြားချက်များသည် အများပြည်သူ၏ အသက်အိုးအိမ် စည်းစိမ်းများ ဆုံးရှုံးမှုမရှိစေရန် ရည်ရွယ်ထုတ်ပြန်ထားသောကြောင့် ပြည်သူများ အနေဖြင့် တိကျစွာလိုက်နာ ဆောင်ရွက်ကြရန်နှင့် လိုက်နာမှုမရှိကြောင်း တာဝန်ရှိသူများကတွေ့ရှိပါက မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဥပဒေပုဒ်မ(၃၄)အရ ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
ဟုန်းအွမ်(ပြန်/ဆက်)