တီးတိန် ဇန်နဝါရီ ၁၉
ချင်းပြည်နယ်၊ တီးတိန်မြို့၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက တီးတိန်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှစိုးနှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းကျော်တို့က ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့တွင် ပြည့်စုံရမည့် အရည်အချင်းများနှင့် ရွေးချယ်ခန့်ထားရေး အစီအစဉ်များ ကို ဆွေးနွေးကြသည်။
ဆက်လက်၍ ဆွေးနွေးပွဲ တက်ရောက်သူများက ကြုံတွေ့လာနိုင်သည့် အခက်အခဲများနှင့် မိမိတို့သိရှိလိုသည့် အကြောင်းအရာများ မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူတို့က ပြန်လည်ဖြေကြား ဆွေးနွေးကြသည်။
ဆွေးနွေးပွဲသို့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ရာတွင် တာဝန်ရှိ ကွင်းဆင်းမည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
ထို့အပြင် ဇန်နဝါရီ ၁၈ ရက်နေ့က တီးတိန်မြို့နယ်တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး လုပ်ငန်းစဉ် ချပြရှင်းလင်းခြင်း သင်တန်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးက အမှာစကား ပြောကြားပြီး ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးက လုပ်ငန်းစဉ်များ အသေးစိတ် ရှင်းလင်းခြင်း၊ ရပ်ကွက်/ ကျေးရွာအုပ်စု စာရေးများအား အဖွဲ့လိုက်(၅)ဖွဲ့ဖွဲ့ပြီး အချင်းချင်း အပြန်အလှန် ဆွေးနွေးခြင်းနှင့် မေးမြန်းလိုသည်များ မေးမြန်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
တီးတိန်မြို့နယ်တွင် ခိုင်ကမ်းမြို့အပါအဝင် ရပ်ကွက်(၈)ခုနှင့် ကျေးရွာအုပ်စု(၅၆)အုပ်စုရှိကြောင်း သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)