ခိုင်ကမ်း ဇန်နဝါရီ ၁၉
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် တစ်နိုင်တစ်ပိုင် မွေးမြူရေး၊ စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်ကာ အသက်မွေးဝမ်းကျောင်းလျက် နေထိုင်ကြသည်။
ခိုင်ကမ်းမြို့သည် တောင်တန်းနှင့် မြေပြန့်ဆက်စပ်သမပိုင်း ရာသီဥတုတွင် တည်ရှိပြီး မျောက်ငိုသီးပင်များကို အိမ်တိုင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးကာ နှစ်စဉ်ဝင်ငွေ ရရှိလျက်ရှိသည်။
ယခုနှစ်တွင် ကိုဗစ်-၁၉ရောဂါကြောင့် မျောက်ငိုသီး လှိုင်လှိုင်ထွက်သည့် အချိန်ဖြစ်သော်လည်း ဝယ်ယူသူမရှိခြင်းကြောင့် မိသားစုအပိုဝင်ငွေ လျော့နည်းလျက်ရှိကြောင်း သိရသည်။
“အိမ်တစ်အိမ်မှာ အနည်းဆုံး မျောက်ငိုပင် နှစ်ပင်သုံးပင်တော့ စိုက်ပျိုးထားကြပါတယ်။ အရိပ်လည်းရ အပိုဝင်ငွေလည်း ရတယ်။ မနှစ်က ဒီအချိန်ဆို တစ်မြို့လုံး မျောက်ငိုသီးပင်တွေ ရောင်းထွက်ကုန်ပြီ။ အပင်လိုက် ရောင်းတာ အနည်းဆုံး တစ်ပင်ကို တစ်သိန်းရတယ်။ ဒီနှစ်မှာတော့ လာမေးတဲ့လူလည်း မရှိသလို လာဝယ်တဲ့ လူလည်းမရှိဘူး လာတောင်းတဲ့ သူရှိရင် ခူးကျွေးလိုက်တယ်။ ”ဟု မျောက်ငို တစ်နိုင် စိုက်ပျိုးသည့် အမှတ်(၁) ရပ်ကွက်မှ ဒေါ်နူးမန် ကပြောသည်။
ယခုနှစ်မျောက်ငို သီးများသည် ယခင်နှစ်မိုးရာသီကာလ မိုးနည်းလွန်းခြင်းနှင့် ရာသီဥတုအပူအအေး မမျှတခြင်း များကြောင့်လည်း အထွက်နှုန်း အနည်းငယ်လျော့ကျ လျက်ရှိကြောင်း သိရသည်။
ဝုန်လွန်းညောင်(ခိုင်ကမ်း)