ထန်တလန် ဩဂုတ် ၅
ထန်တလန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း VRFP ရန်ပုံငွေများအား ကျေးရွာများသို့ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀) နာရီတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမြို့နယ်ဦးစီမှူး ဦးလျန်ကျင့်ခိုင်က ကျေးရွာမတည် ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြသည်။ ထန်တလန်မြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေ ရရှိသည့်ကျေးရွာ(၅)ရွာရှိရာ ငွေကျပ်သိန်း (၃၀၀)ရရှိသောကျေးရွာ(၁)ရွာ၊ ငွေကျပ်သိန်း (၂၀၀)ရရှိသော ကျေးရွာ(၂)ရွာ၊ ငွေကျပ်သိန်း (၁၀၀)ရရှိသော ကျေးရွာ(၂)ရွာအတွက် မတည်ရန်ပုံငွေများကို တာဝန်ရှိသူများက လွှဲပြောင်း ပေးအပ်ခဲ့ကြကြောင်းသိရသည်။ ကျေးရွာမတည်ရန်ပုံငွေ VRFP စီမံကိန်းတွင် မတည်ရန်ပုံငွေ(၃)မျိုးရှိပြီး အိမ်ခြေ(၁၀၁)အိမ်နှင့် အထက်ကိုကျပ်သိန်း(၃၀၀)၊ အိမ်ခြေ(၅၁) အိမ်နှင့် (၁၀၀)အကြားကို ကျပ်သိန်း(၂၀၀)၊ အိမ်ခြေ(၅၀)အောက်ရွာများကို ကျပ်သိန်း (၁၀၀)နှုန်းဖြင့် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ ကျေးရွာမတည်ရန်ပုံငွေများကို နိုင်ငံတော်၏ COVID-19 စီးပွားရေးကုစားမှု အစီအစဉ်ကို အထောက်အကူပြုစေရန်၊ လုပ်ကွက်ငယ်တောင်သူများ စိုက်ပျိုးမွေးမြူ ထုတ်လုပ်ရန် လိုအပ်သော ငွေကြေးအရင်းအနှီး များရရှိနိုင်စေရန်၊ တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာမှပိုင်ဆိုင်သော မတည်ရန်ပုံငွေထူထောင်၍ စဉ်ဆက်မပြတ် ငွေကြေးအရင်းအမြစ် ရရှိရေး ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ကျေးရွာမတည်ရန်ပုံငွေ VRFP စီမံကိန်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ကျင်ငိုက်မန်(ပြန်/ဆက်)