ဝေါလေမြိုင် ဩဂုတ် ၅
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရေးအတွက် ပထမအကြိမ်မဲစာရင်းများ ကြေညာခြင်းကို ဇူလိုင်လ ၂၅ ရက်နေ့မှစတင်၍ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာပေးလျက်ရှိရာ မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းလာရောက်ကြည့်ရှုကြရန် ယနေ့ နံနက်ပိုင်းက ရပ်ကွက်အတွင်း နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့နှိုးဆော်ပေးခြင်းကို ဝေါလေမြိုင်မြို့၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူများက ပထမအကြိမ် ကြေညာပေးသော မဲစာရင်းတွင် မိမိနာမည်မပါရှိခြင်း၊ နာမည်ပါသော်လည်း မိမိတို့၏အချက်အလက်များ မှားယွင်းနေခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေခြင်းများကို ကန့်ကွက်နိုင်ရန်အတွက် မဲစာရင်းများကို လာရောက်ကြည့်ရှုကြရန် နှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။ ဝေါလေမြိုင်မြို့အနေဖြင့် ပထမအကြိမ် မဲစာရင်းကြေညာရာတွင် ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း ၂၁၉၆ ဦး ရှိပြီး မဲရုံ ၂ ရုံထားရှိရန် လျာထားကြောင်း သိရသည်။
နိုင်မျိုးသင်း(ပြန်/ဆက်)