ပြင်စလူ ဇန်နဝါရီ ၇
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ပွင့်လင်းရာသီ ရောက်ရှိလာသည်နှင့်အညီ ပြည်သူများ၏ အသက်အိုးအိမ်ပစ္စည်းများ၊ မီးဘေးအန္တရာယ်မှ ကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက် မီးဘေးလုံခြုံရေးဆိုင်ရာ အသိပေး ကြေညာချက် များအား ပြည်သူများသို့ လိုက်လံနှိုးဆော်ခြင်းကို ယမန်နေ့ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးလုံခြုံရေးဆိုင်ရာ အသိပေးကြေညာချက်တွင် မိမိတို့နေအိမ်ပတ်ဝန်းကျင်အတွင်း မီးလောင်လွယ်သော အမှိုက် သရိုက်များ၊ ကောက်ရိုး၊ သက်ကယ်များ စုပုံထားခြင်းမပြုဘဲ သန့်ရှင်းရေး အမြဲတမ်းဆောင်ရွက်ရန်၊ လျှပ်စစ်ပစ္စည်းများကို ခံနိုင် (ဝပ်) အားထက် ကျော်လွန်သုံးစွဲခြင်းမပြုဘဲ ဟောင်းနွမ်းဆွေးမြေ့နေသော ဝါယာကြိုးများနှင့် လျှပ်စစ်ပစ္စည်းများကို အသစ် လဲလှယ် သုံးစွဲရန်၊ လမ်းသွားရင်းဖြစ်စေ ယာဉ်များစီးရင်းဖြစ်စေ ဆေးလိပ်သောက်ခြင်းမပြုရ၊ နေအိမ်များအတွင်း မီးလောင်လွယ်သည့် ဓါတ်ဆီ၊ ဒီဇယ်ဆီများ သိုလှောင်ခြင်း၊ ရောင်းချခြင်းမပြုရ၊ မိမိတို့ ပတ်ဝန်းကျင်တွင် မီးလောင်းမူဖြစ်ပွားပါက ချက်ချင်းအသိပေး အကြောင်းကြားရမည် စသည့်အသိပေး ကြေညာချက် များကို မြို့မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များအတွင်း သုံးဘီးဆိုင်ကယ်ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရှိရသည်။
ဇင်ဖြိုးသူ(ပြန်/ဆက်)