လေရှီး နိုဝင်ဘာ ၁၀
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ ၁၀ ရက် နံနက်(၉)နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဦးခင်မောင်အေးနှင့် နာဂဒေသဦးစီးဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းတို့က ဌာနဆိုင်ရာများ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ခုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမောင်က ဒေသဆိုင်ရာအချက်အလက်များနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင်ကျင်းပမည့် နာဂရိုးရာနှစ်သစ်ကူးပွဲကျင်းပနိုင်ရေး လုပ်ငန်းစီမံချက်များကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။ အလားတူ နာဂရိုးရာနှစ်သစ်ကူးပွဲ ကျင်းပနိုင်ရေး လုပ်ငန်းကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်မည့်အစီအမံများကို တင်ပြခဲ့ကြသည်။ ယင်းနောက် နာဂဒေသဦးစီးဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဦးခင်မောင်အေးတို့က လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။
တွေ့ဆုံပွဲအခမ်းအနားကို နံနက်(၁၀)နာရီတွင်ပြီးမြောက်ခဲ့ပြီး တွေ့ဆုံပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး၊ နာဂဒေသဦးစီးဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့များ စုစုပေါင်း(၆၀)ဦးခန့် တက်ရောက်ခဲကြသည်။
တွေ့ဆုံပွဲအပြီးတွင် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကျင်းပမည့် ကွင်းအပြင်အဆင်များအား ကြည့်ရှုခဲ့ပြီး လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်စေရေးအတွက် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် လေရှီး-ဆွမ္မရာလမ်းပိုင်း မိုင်တိုင်(၄၀/၃၄)တွင် ကားလမ်း(၈၀)ပေခန့် တောင်ပြိုမြေကျနေမှုနှင့် မိုင်တိုင်(၄၁/၃၄)တွင် ကားလမ်း(၁၆၀)ပေခန့် လမ်းသားပျက်ရွေ့/နိမ့်ကျနေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပျက်စီးနေသည့်လမ်းပိုင်းများ လျင်မြန်စွာပြုပြင်နိုင်ရေးအတွက် လိုအပ်သည့်ရန်ပုံငွေ တင်ပြတောင်းခံ ဆောင်ရွက်စေရေးအတွက် မြို့နယ်အင်ဂျင်နီယာအား မှာကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဖွင့်လှစ်လျက်ရှိသော မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်း ဖွင့်လှစ်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး သင်တန်းသား/ သင်တန်းသူများအနေဖြင့် ရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုများ မဖြစ်ပေါ်စေရေးအတွက် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်သွားကြစေရေး၊ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြာခဲ့သည်။
ညနေ (၁:၃၀)နာရီအချိန်တွင် လေရှီးမြို့ ထေရဝါဒဗုဒ္ဓသာသနာပြုဗဟိုကျောင်းမှ ဗဟိုခေါင်းဆောင် ဆရာတော်အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသုဒဿန အရှင်သူမြတ်အား သွားရောက်ကြည်ညိုကန်တော့ခဲ့ကြောင်း သတင်းရရှိသည်။
လေရှီး (ပြန်/ဆက်)