ထန်ပါခွေ အောက်တိုဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထန်ပါခွေမြို့၌ နွားသေး၊ နွားချေး၊ ထန်းလျက်ဖျော်ရည်ဖြင့် သဘာဝမြေဩဇာအရည် ပြုလုပ်သုံးစွဲနည်းသင်တန်းကို ယနေ့ နံနက် (၉)နာရီက ပြုလုပ်သည်။
ဦးစွာ ထန်ပါခွေမြို့ စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးအောင်မင်းသူက အဆိုပါပစ္စည်းများအား မြေအိုး၊ ပလတ်စတစ်ပုံးစသည့် ထည့်စရာတစ်မျိုးမျိုးထဲတွင်ထည့်ပြီး တစ်ပတ်ခန့်ကြာအောင် အချဉ်ဖောက်ထားကာ ထိုအချဉ်ဖောက်ထားသည့် အရည်တစ်ဆကို ရေအဆတစ်ရာနှင့်ရော၍ ပက်ဖျန်းရကြောင်း၊ သီးနှံပင်များ ကျန်းမာသန်စွမ်းရေးတွင် များစွာအထောက်အကူဖြစ်စေကြောင်း၊ သီးနှံခင်းများကို တစ်ပတ်တစ်ကြိမ်ပက်ဖျန်းပေးပါက မည်သည့်ရွက်ဖျန်းဓာတ်မြေဩဇာမှ သုံးစွဲရန်မလိုတော့ကြောင်း မိမိတို့ရပ်ရွာဒေသမှအလွယ်တကူရရှိသော နွားသေး၊ နွားချေး၊ ထန်းလျက်နှင့်ရေ သဘာဝဓာတ်မြေဩဇာများကို အကျိုးရှိရှိသုံးစွဲသင့်ကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းကို ထန်ပါခွေမြို့ ဒေသခံတောင်သူ ဦးဟောင်စီ၏နေအိမ်၌ ပြုလုပ်ပြီး စိတ်ပါဝင်စားသော ဒေသခံတောင်သူ၊ လူငယ်များ (၄၅)ဦးတက်ရောက်ကြပြီး တောင်သူများက စိုက်ပျိုးရေးနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းကြရာ စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်မင်းသူက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အလန်(ထန်ပါခွေ)