နေရပ်ပြန်ငါးဦးနှင့်ကယ်ရီလိုက်ပို့သူတစ်ဦး စောင့်ကြည့်ရက်ပြည့်၍ ပြန်ခွင့်ပေး

ခန္တီး     ဒီဇင်ဘာ        ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် အိန္ဒိယပြန်ငါးဦးနှင့်ကယ်ရီလိုက်ပို့သူတစ်ဦးကို အစိုးရစက်မှု လက်မှုသိပ္ပံကျောင်းတွင် ရက်သတ္တပတ်နှစ်ပတ်ထားစောင့်ကြည့်ကာ ကိုဗစ်-၁၉ ရောဂါစစ်ဆေးရာ ရောဂါပိုး မတွေ့ရှိ၍ ယမန်နေ့နံနက် ၁၁ နာရီက ပြန်ခွင့်ပေးပြီး မိမိနေအိမ်တွင် Stay  Home တစ်ပတ်နေထိုင်ရမည်ဟု မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါ်ဆွီးနွာမ်က ပြောသည်။

စောင့်ကြည့်ရက်ပြည့်၍ ပြန်ခွင့်ပေးခြင်းကို မြို့နယ်ကျန်းမာရေးမှူးနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင် ဦးကျော်သိန်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသိန်းဇော်ဦး၊ ပေါမိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိန်မင်းနှင့် မီးသတ်တပ်ဖွဲ့ ဝင်များပူးပေါင်းဆောင်ရွက်ခဲ့ပြီး စောင့်ကြည့် ထားသည့်အခန်းအတွင်း အပြင်အား လူငယ်ရေးရာကော်မတီ အဖွဲ့ဝင်များက ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းဆောင်ရွက်ခဲ့သည်။

ခန္တီးမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့လူနာနှင့် ဆက်စပ်သူ ငါးဦးစောင့်ကြည့်ထားကြောင်း သိရသည်။

စနေမောင်မောင်(ခန္တီး)