မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

မော်လမြိုင်ကျွန်း မတ် ၂၀

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင်၍ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် လူမှုရေးအဖွဲ့များ ပူးပေါင်းကာ လူစည်ကားရာ သင်္ဘောဆိပ်၊ ကားဂိတ်နှင့် မြို့မဈေးကြီးအတွင်းတွင် ပြည်သူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့်  လက်ဆေးနည်းစနစ် အသိပညာပေးခြင်း လုပ်ငန်းများကို  ယမန်နေ့နံနက်ပိုင်းက  စတင်ဆောင်ရွက်ခဲ့ သည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်မှုများကို နေရာအသီးသီး၌ ပြည်သူများ သိရှိနိုင်စေရေး အသိပညာပေး ဆောင်ရွက်ခဲ့ကြပြီး ရောဂါကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရေးအတွက် ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယရှိသူကို တွေ့ရှိပါက ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ နီးစပ်ရာ ဆေးရုံဆေးခန်းများနှင့် ကျန်းမာရေးဌာနများသို့ အမြန်ဆုံး သတင်းပေးပို့ ကုသမှုခံယူရန် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်အောင်(ပြန်/ဆက်)