ထီးချိုင့် ဇန်နဝါရီ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာတွင် လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ကျေးရွာနေလူထုတွေ့ဆုံပွဲကို ယမန့်နေ့နံနက် (၁၁)နာရီက မောင်းကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပခဲ့ပါသည်။
ရှေးဦးစွာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းက အဖွင့်အမှာစကား ပြောကြားပြီး တွေ့ဆုံပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် လွှတ်တော်ကိုယ်စားလှယ်၏ တာဝန်ဝတ္တရားများကို ရှင်းလင်းပြောကြား ခဲ့ပါသည်။ ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဟန်တို့မှ ဖွွံ့ဖြိုးရေးလုပ်ငန်း စီမံချက်များနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။
ထို့နောက် တက်ရောက်လာသော ဒေသခံပြည်သူများက သိမ်းဆည်းခံ လယ်ယာမြေကိစ္စ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ လျှပ်စစ်နှင့်မီးဘေးအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါးနှင့် အန္တရာယ်အကြောင်းများ၊ သစ်တောလုပ်ငန်းများကို တင်ပြဆွေးနွေးကြရာ လွှတ်တော်ကိုယ်စား လှယ်များနှင့် ဌာနဆိုင်ရာအသီးသီးမှ မိမိတို့နှင့် သက်ဆိုင်သည့် ကဏ္ဍအလိုက် ပေါင်းစပ်ညိှနှိုင်း ဖြေရှင်းခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဟန်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးဇော်ဝင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးချစ်ထွေး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ရဲလင်းထွန်း ( ပြန်ဆက်)