အင်းတော် မတ် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် ပုန်းဟုန်ကျေးရွာအုပ်စု ပုန်းဟုန် ကျေးရွာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ စီမံဆောင်ရွက်သည့် မြစိမ်းရောင် နွားမွေးမြူရေးလုပ်ငန်းကို ကျေးရွာအတွင်းရှိ တောင်သူ ဦးကြီးများဖြင့် ဆောင်ရွက်လျက်ရှိသည်။
အင်းတော်မြို့နယ်အတွင်းရှိ တောင်သူဦးကြီးများ လယ်ယာလုပ်ငန်းခွင်လုပ်ကိုင်ရာတွင် အဆင်ပြေ ချောမွေ့စေရေး၊ နွားမွေးမြူရေးလုပ်ငန်းဖြင့် တောင်သူတို့၏ ဘဝ ဖွံ့ဖြိုး တိုးတက် လာစေရေးတို့အတွက် ရည်ရွယ်၍ မြစိမ်းရောင် နွားမွေးမြူရေးလုပ်ငန်းကို ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် မိမိဒေသအတွင်း ဒေသနွားများ၊ မျိုးကောင်းမျိုးသန့်များ ရရှိနိုင်စေရေးအတွက်လည်း ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နွားမွေးမြူနိုင်ရေးအတွက် မိမိတို့ ဦးစီးဌာနမှ စီမံကိန်းချမှတ် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး တောင်သူများအနေဖြင့် အောင်မြင်နိုင်ရေး ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း အင်းတော်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်မင်းဦးက ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ မြစိမ်းရောင်နွားမွေးမြူရေး စီမံကိန်း ဖွင့်လှစ်ပွဲ အခမ်းအနားကို ပုန်းဟုန်ကျေးရွာအုပ်စု ပုန်းဟုန်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့နံနက် ၁၀ နာရီကကျင်းပခဲ့သည်။ အခမ်းအနားသို့ အင်းတော်မြို့နယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဦးသန်းဝင်း၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းတန်နှင့်အဖွဲ့ဝင်များ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်မင်းဦး နှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌတို့က အမှာစကားများ ပြောကြားခဲ့ကြပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက မြစိမ်းရောင် နွားမွေးမြူရေး စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် နွားမွေးမြူမည့်တောင်သူများထံသို့ မွေးမြူရမည့် နွားများကို အသီးသီး လက်ရောက်ပေးအပ်ခဲ့ကြသည်။ ပုန်းဟုန်ကျေးရွာ အနေဖြင့် မြစိမ်းရောင် နွားမွေးမြူရေးစီမံကိန်းတွင် ဒေသခံတောင်သူ (၅၀) ဦးပါဝင်ပြီး နွားကောင်ရေ ( ၅၂ ) ကောင်ကို မွေးမြူသွားမည်ဖြစ်သည်။ အင်းတော်မြို့နယ်အနေဖြင့် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် မြစိမ်းရောင်နွားမွေးမြူရေး စီမံကိန်းကို ပင်ဝယ်ကျေးရွာအုပ်စု၊ တုံးလုံကျေးရွာတွင် စတင် ဆောင်ရွက်ခဲ့ပြီး ယခုဆောင်ရွက်သည့် ပုန်းဟုန်ကျေးရွာသည် ဒုတိယအကြိမ် မြစိမ်းရောင် နွားမွေးမြူရေး စီမံကိန်း ဆောင်ရွက်သည့်ကျေးရွာဖြစ်ကြောင်း သိရသည်။
ကျော်သီဟ