ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အိမ်မဲမြို့ မြို့မဈေးကြီးအတွင်း လက်ဆေးဘေစင်များ ထားရှိ

အိမ်မဲ မတ် ၂၀

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့ မြို့မဈေးကြီးအတွင်း၌ လက်ဆေးဘေစင်များကို ယမန်နေ့ ညနေ ၃ နာရီမှ စတင်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ထားရှိခဲ့ကြောင်းသိရသည်။

အဆိုပါ လုပ်ငန်းများကို အိမ်မဲမြို့နယ်စည်ပင်သာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးဇော်၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးတင်အောင်မိုးနှင့် ဈေးကော်မတီမှတာဝန်ရှိသူများက မြို့မဈေးကြီးအတွင်းရှိ ဈေးသူဈေးသားများ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လက်ဆေးနည်းအဆင့်ဆင့်နှင့် လက်ကိုမကြာခဏ ဆေးကြောနိုင်ရန် လက်ဆေးဘေစင်များထားရှိမှုတို့ကို ကြည်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

"ကျွန်တော်တို့အနေနဲ့ မြို့မဈေးကြီး အတွင်းမှာရှိတဲ့ ဈေးသူဈေးသားတွေရော ဈေးလာဝယ်တဲ့ သူတွေရော ယခုလက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာ ဗိုင်းရပ်စ်(COVID-19) ရောဂါကို ကြိုတင် ကာကွယ်တဲ့ အနေနဲ့ လက်ဆေးနည်းအဆင့်ဆင့်နဲ့ လက်ကိုမကြာခဏ ဆေးကြောရန် အသိပညာပေးခဲ့ပြီး လက်ဆေးဘေစင်များကို ထားရှိရခြင်းဖြစ်ပါတယ်'' ဟု အိမ်မဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးဇော်က ပြောကြားခဲ့သည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)