မေတ္တာမြို့၌ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါ ကြိုတင်ကာကွယ်စစ်ဆေးမှုများပြုလုပ်

မေတ္တာ မတ် ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ အမှတ်(၁)ရပ်ကွက် မေတ္တာတံတားထိပ်၌ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကြိုတင်ကာကွယ် စစ်ဆေးမှုများကို ယမန်နေ့ နံနက် (၉)နာရီမှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါ ရောဂါကြိုတင်ကာကွယ် စစ်ဆေးမှုများဆောင်ရွက်ရာတွင် မေတ္တာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးနေမျိုး ဦးဆောင်သောအဖွဲ့နှင့် မေတ္တာမြို့တိုက်နယ်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ၊  ကျေးလက်ကျန်းမာရေးဌာန(ခွဲ)မှ ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့ နံနက်(၉)နာရီမှ ညနေ (၄) နာရီအထိ ထိုင်းနိုင်ငံ ထီးခီးနယ်စပ် ကုန်သွယ်ရေးစခန်းမှတဆင့် ဝင်ရောက်လာသော မြန်မာနိုင်ငံသား အမျိုးသား အမျိုးသမီး စုစုပေါင်း(၂၇၈)ဦးနှင့် ထိုင်းနိုင်ငံသား(၃)ဦးတို့အား ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ခြင်းနှင့် အဆိုပါရောဂါနှင့်ပတ်သက်၍ အသိပညာပေး လက်ကမ်းစောင်များဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

ရန်နောင်စိုး(ပြန်/ဆက်)