မင်းဘူးမြို့ ကြာကန်ကျေးရွာအုပ်စု ပေါက်ကုန်းကျေးရွာတွင် ဝါးတောင်း ရက်လုပ်ရောင်းချခြင်းဖြင့် အဆင်ပြေလျက်ရှိ

မင်းဘူး မတ် ၂၀

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ကြာကန်ကျေးရွာအုပ်စု ပေါက်ကုန်းကျေးရွာတွင် ဝါးဖြင့် ပြုလုပ်သော အိမ်အသုံးအဆောင်ပစ္စည်းများ ရက်လုပ်ရောင်းချခြင်းဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

"ကုန်ကြမ်းအနေနဲ့ ဝါးတစ်လုံးကို(၆၀၀)ကျပ် ကြိမ်(၁၀၀)စည်း တစ်စည်းကို (၂၀၀၀)ကျပ်ပေးဝယ်ရပြီး တောင်းတစ်လုံးကို ၂၅၀၀/၃၀၀၀ ကျပ်ရောင်းရပါတယ်။ တနေကုန်တစိုက်မတ်မတ် ရက်လုပ်မယ်ဆိုရင်တော့ တစ်နေ့ကို တောင်း ၅ လုံးလောက်ပြီပါတယ်။ ကျွန်မတို့ကတော့ ထမင်းဟင်းချက်ရင်း ရေခပ်ရင်း အခြားအလုပ်တစ်ဖက်နဲ့လုပ်ရတာဆိုတော့ တနေ့ကို တောင်းနှစ်လုံး သုံးလုံးမမှန်ဘူးပေါ့။ အများဆုံးတောင်းများကိုသာ ရက်လုပ်လေ့ရှိပြီး ကျန်ပစ္စည်းများကိုမှာသူရှိမှ ရက်လုပ်ပေးပါတယ်" ဟု တောင်းရက်လုပ်ရောင်းချသူ ဒေါ်ချိုမှ ပြောပြသည်။

အဆိုပါ ဝါးဖြင့်ပြုလုပ်ရောင်းချသော အိမ်အသုံးအဆောင်အစ္စည်းများမှာ ဝါးတောင်းအပြင် ဆန်ကော၊ ဆန်ကာ၊ ကြက်အုပ်ခြင်း၊ အမှိုက်တောင်း၊ မီအုပ်ဆောင်း၊ ဓာတ်ပုံတင်စင်၊ တစ်ရှူးဘောက်စ်၊ ရေခွက် ဝိုင်ခွက်၊ ဘောပင်ထည့်သည့်ခွက်၊ ဖုန်းတင်စင်၊ ဗန်းချော၊ တောင်းသေး/အကြီး စသည်ဖြင့်မှာသူရှိပါက ပစ္စည်းအစုံ ပြုလုပ်ရောင်းချပေးပါကြောင်း မင်းဘူးမြို့ ပေါက်ကုန်းကျေးရွာ ဝါးဖြင့် အိမ်အသုံးအဆောင် ပစ္စည်းများ ရက်လုပ်ရောင်းချသူ တစ်ဦးထံမှ သိရသည်။

ဇေယျာထက် ( မင်းဘူး )