ပခုက္ကူ ဇန်နဝါရီ ၁၀
ပခုက္ကူမြို့နယ်၊ ကုက္ကိုလ်လှကျေးရွာအနီး ဧရာဝတီမြစ်ကမ်းနံဘေးရှိ စိုက်ပျိုးမြေလယ်ကွက်များတွင် မဲနှိုက် စနစ်ဖြင့် စားသောက်ကုန်သီးနှံများကို တစ်နှစ်စီအလှည့်ကျစိုက်ပျိုးကြကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
ဧရာဝတီမြစ်မှ မြစ်ရေကိုအသုံးပြုပြီး မြစ်ကမ်းနံဘေးတွင် စိုက်ပျိုးလယ်ယာမြေစိုက်ဧက (၇)ဧကနီးပါးကို ပခုက္ကူမြို့နယ်၊ ကုက္ကိုလ်လှကျေးရွာအုပ်စု၊ ကုက္ကုလ်လှကျေးရွာ တောင်သူများက စားသုံး ကုန်သီးနှံများ စိုက်ပျိုး ကြရကြောင်း၊ ကုက္ကုလ်လှကျေးရွာတွင် အိမ်ထောင်စု( ၃၂၀ ) ကျော်ရှိပြီး တစ်နှစ်ကို မဲလိပ်(၅၀) ခုတို့ဖြင့် မဲနှိုက်ရကြောင်း၊ မဲပေါက်သူများသာ မြစ်ကမ်းနံဘေးတွင် စိုက်ပျိုးခွင့်ရရှိပြီး မဲပေါက်သူများအနေဖြင့် နောက်နှစ်တွင် မဲလိပ်ထပ်မံနှိုက်ယူခွင့်မရှိကြောင်း၊ နောက်(၃)နှစ်မြောက်တွင်သာ ထပ်မံမဲပြန်နှိုက်ခွင့် ရှိကြောင်း၊ မိမိအနေဖြင့် စိုက်ပျိုးမြေဧက (ဒသမ၂၅)ကွက်ကို မဲပေါက်စိုက်ပျိုးခွင့်ရရှိထားပြီး ထိုမြေကွက်တွင် နံနံပင်၊ကြက်သွန်နီ၊မုံညှင်း၊ကဇွန်းရွက်နှင့် အက်စတာ(ခေါ်)မေမြို့ပန်းများကို စိုက်ပျိုးထားကြောင်း၊ တစ်ခြား တောင်သူများ အနေဖြင့် မိမိစိုက်ပျိုးသည့်စားသုံးကုန်များအပြင် ပဲအမျိုးမျိုးနှင့်ပြောင်းဖူးများ စိုက်ပျိုး ကြကြောင်း၊ ထိုသို့စိုက်ပျိုးလုပ်ကိုင်ရာတွင် မိသားစု စားဝတ်နေရေး၊ သား/သမီး ကျောင်းစရိတ်များ အတွက်သာ အဆင်ပြေရုံသာရရှိပြီး အခြားသောစီးပွားဖြစ် အမြတ်ဝင်ငွေ ပိုမိုရရှိနိုင်ခြင်းမရှိကြောင်း ၎င်း ဧရာဝတီ မြစ်ကမ်းနံဘေးတွင် အလှည့်ကျစိုက်ပျိုးခွင့်ရရှိသည့် ကုက္ကိုလ်လှကျေးရွာမှ တောင်သူ ဦးအေးမြင့်က ပြောပြ သည်။
အဆိုပါဧရာဝတီမြစ်ကမ်းနံဘေးစိုက်ပျိုးလယ်ယာမြေများကို အလှည့်ကျစနစ်ဖြင့် စိုက်ပျိုးလုပ်ကိုင်နိုင်စေရန် ဒေသခံတောင်သူများအား မဲလိပ်(၅၀)ခုဖြင့် မဲနှိုက်ခိုင်းစေရာ တစ်ချို့တောင်သူများအနေဖြင့် မိမိမဲပေါက်သော စိုက်ပျိုးလယ်ယာ မြေကွက်များတွင် စိုက်ပျိုးလုပ်ကိုင်လိုခြင်းမရှိပါက အခြားစိုက်ပျိုးလိုသည့် ဒေသခံ တောင်သူများထံ (ဒသမ၂၅)ကွက်ကို မြန်မာ ငွေသုံးသောင်းကျပ်ဖြင့် ပြန်လည်ရောင်းချ၍ စိုက်ပျိုး လုပ်ကိုင်စေသူများရှိသောကြောင့် ယခုလက်ရှိချိန်တွင် အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်သည့် တောင်သူ အိမ်ထောင်စုပေါင်း(၈)စုသာရှိကြောင်းသိရသည်။
ဆလိုင်းကိုကီး