လိုင်လင်းပီ နိုဝင်ဘာ ၂၄
ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့၌ Coronavirus Disease 2019 (ကိုဗစ်-၁၉) ကြိုတင် ကာကွယ်ရေး အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်ခန့်က မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ကြသည်။
အစည်းအဝေးတွင် မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူးမှ အမှာစကား ပြောကြားရာတွင် မြို့ဝင်/ထွက် စစ်ဆေးရေးဂိတ်များ၌ ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ တာဝန်ကျပုဂ္ဂိုလ်များအနေဖြင့် လက်ရှိဆောင်ရွက်လျက်ရှိသည့် ခရီးသွား ပြည်သူများ အား ကိုယ်အပူချိန်တိုင်းတာခြင်း၊ ခရီးသွားရာဇဝင်များ မှတ်တမ်းရေးသွင်းခြင်း၊ သက်ဆိုင်ရာ အာဏာပိုင်များမှ ထုတ်ပေးသည့် ခရီးသွားထောက်ခံချက်များ ပါ/မပါ စစ်ဆေးခြင်းအပြင် ဟားခါးမြို့၊ ဂန့်ဂေါမြို့၊ ကလေးမြို့၊ ပခုက္ကူမြို့၊ မင်းတပ်မြို့နှင့် အခြား ကိုဗစ်-၁၉ ဖြစ်ပွားရာမြို့နယ်များမှ လာရောက်သူများ အနေဖြင့် ကိုဗစ်-၁၉ Test Kit ဖြင့် (၇၂)နာရီအတွင်း စစ်ဆေးထားသည့် မှတ်တမ်း တင်ပြနိုင်မှသာ မြို့တွင်းသို့ ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း၊ အဆိုပါမှတ်တမ်းများ တင်ပြနိုင်ခြင်းမရှိပါက မတူပီမြို့နယ် Facility Quarantine Center သို့ ပို့ဆောင်သွားမည် ဖြစ်ကြောင်းနှင့် ပြည်ပနိုင်ငံများမှ တရားမဝင် ဝင်ပေါက်များမှ ဝင်ရောက်လာသူများနှင့် ယင်းသို့တရားမဝင် ဝင်ရောက်လာသူများအား လက်ခံသူများအား တည်ဆဲ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားကြမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပုဂ္ဂိုလ်များမှ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် သိလိုရာများကို မေးမြန်းကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပေးကြပြီး အစည်းအဝေးတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ NGO အဖွဲ့အစည်းနှင့် လူမှုရေး အသင်းအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ယာကမ် (ပြန်/ဆက်)