ကိုရိုနာဗိုင်းရပ်ရောဂါ ကြိုတင်ကာကွယ်ရေး ကန့်ဘလူ၌ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ကန့်ဘလူ မတ် ၂၀

ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဖြစ်ပွားနေသည့် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာ ဗိုင်းရပ်စ် (COVID-19) ရောဂါ ကြိုတင်ကာကွယ်ရေးအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ မြို့မဈေးကြီး၌ ယနေ့နံနက် (၈) နာရီက အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

အဆိုပါလုပ်ငန်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာ နေမိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးတင့်လွင်၊ အမှုဆောင် အရာရှိ ဒေါ်သီရိခိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် မြို့မဈေးကြီးရှိ ဝင်ပေါက်၊ ထွက်ပေါက်များ၊ လမ်းသွားလမ်းလာများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ဝေသော COVID-19 ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ဗီနိုင်းပိုစတာများချိတ်ဆွဲခြင်းနှင့် ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်မည့် နည်းလမ်းများ၊ နှာချေ၊ ချောင်းဆိုးသည့်အခါတိုင်း လိုက်နာရမည့်ကျင့်ဝတ်များ စသည့်အသိပညာပေးလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)