ထန်တလန်မြို့နယ်ရှိ သဘာဝဘေးသင့်ပြည်သူများအား စားနပ်ရိက္ခာထောက်ပံ့ပေးအပ်ပွဲကျင်းပ

ထန်တလန်    နိုဝင်ဘာ        ၄

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်တွင် ဩဂုတ်လနှင့် စက်တင်ဘာလများတွင် ဖြစ်ပွားခဲ့သည့် သဘာဝဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။       

အဆိုပါ စားနပ်ရိက္ခာထောက်ပံ့ပေးအပ်ရာတွင် ပြီးခဲ့သည့် ဩဂုတ်လနှင့် စက်တင်ဘာလများတွင်  ထန်တလန်မြို့နယ်၊ ကျေးရွာ (၁၂)ရွာ၌ ဖြစ်ပွားခဲ့သည့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်နှင့် လေပြင်းတိုက်ခတ်မှုတို့ကြောင့် တောင်ယာစပါးများနှင့် ပြောင်းစိုက်ခင်းများ ပျက်စီးပြီး စားဝတ်နေရေး အခက်အခဲဖြစ်သည့် အိမ်ထောင်စု (၂၃၉)စု၊လူဦးရေး (၁၄၀၇)ဦးတို့အတွက် ဆန် (၁၃၁၉)အိတ်၊ တစ်ပြည်နှင့်လေးဘူး တန်းဖိုးကျပ် (၃၇,၉၈၉,၀၀၀) အား ချင်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းသိန်းက ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေး မှူးများက လက်ခံရယူကြသည်။

အလားတူ အောက်တိုဘာ ၁၅ ရက်နေ့ကလည်း ထန်တလန်မြို့နယ်ရှိ သဘာဝဘေးသင့် ကျေးရွာ(၅)ရွာ မှ အိမ်ထောင်စု(၁၃၅)စု၊ လူဦးရေ(၇၅၄)ဦးအတွက် စားနပ်ရိက္ခာ ဝယ်ယူရန် ငွေကျပ်(၆,၇၈၆,၀၀၀)အား ထောက်ပံ့‌ပေးအပ်ခဲ့ကြောင်း ချင်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းသိန်းထံ သိရသည်။

ကျင်ငိုက်မန်(ပြန်/ဆက်)