ပွင့်ဖြူမြို့နယ် မျိုးသန့်ခြံမှ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပိုက်ဆံလျှော် (သစ်စိမ်း) သဘာဝမြေဩဇာ ဧက ၃၀ စိုက်ပျိုးဆောင်ရွက်ထားရှိ

ပွင့်ဖြူ ဇန်နဝါရီ ၁၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့၊ မျိုးသန့်ခြံမှ ပြည်သူများ စားနပ်ရိက္ခာဖူလုံစေရန်နှင့် တိုင်းဒေသကြီးအတွင်းရှိ ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အထွက်နှုန်းကောင်းသော မျိုးကောင်းမျိုးသန့် မျိုးစေ့များ ဖြန့်ဖြူးပေးနိုင်ရေး နှစ်စဉ်မိုးရာသီနှင့် ဆောင်းရာသီကာလတွင် စပါး၊ ကုလားပဲ၊ နေကြာ စသည့် မျိုးစေ့ထုတ်စိုက်ခင်းများကို စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း သိရကာ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မျိုးစေ့ထုတ်လယ်မြေများ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုက်ဆံလျှော် (သစ်စိမ်း) သဘာဝမြေဩဇာ ဧက ၃၀ အား စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း ပွင့်ဖြူမြို့ မျိုးသန့်ခြံတာဝန်ခံဦးအောင်ချစ်ထံမှ သိရသည်။ 

“ကျွန်တော်တို့ ပွင့်ဖြူမြို့ မျိုးသန့်ခြံမှ နှစ်စဉ်မိုးရာသီနှင့်ဆောင်းရာသီသီးနှံစိုက်ပျိုးချိန်များမှာ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၅) မြို့နယ်မှာရှိတဲ့ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်ကြသည့် တောင်သူဦးကြီးများကို သီးနှံဝင်ငွေ တိုးပွားစေဖို့နဲ့ ပြည်သူများ စားနပ်ရိက္ခာဖူလုံစေဖို့အတွက် ရည်ရွယ်ပြီး စပါး၊ ကုလားပဲ၊ နေကြာ  စသည့် မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးပြီးတော့ရရှိလာတဲ့ မျိုးသန့်၊ မျိုးစေ့များကို ဖြန့်ဖြူးဆောင်ရွက်ပေးလျက်ရှိပါတယ်။ အဲဒီလို မျိုးစေ့ထုတ်စိုက်ခင်းများ အကောင်အထည်ဖော်စိုက်ပျိုးရာမှာ စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)ရှိ စိုက်ပျိုးလယ်ယာမြေ ဧက ၁၂၀ မှာ စနစ်တကျ စိုက်ပျိုးထုတ်လုပ်တာ ဖြစ်ပါတယ်။ မျိုးကောင်း၊မျိုးသန့်၊ မျိုးစေ့ထုတ်စိုက်ခင်းများ ပိုမိုထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေးအတွက် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်ပြီး ယခုနှစ်ဆောင်းသီးနှံရာသီမှာ ပိုက်ဆံလျှော် (သစ်စိမ်း) သဘာဝမြေဩဇာ ဧက ၃၀ ကို စိုက်ပျိုးဆောင်ရွက်ထားရှိပါတယ်။ ပိုက်ဆံလျှော် (သစ်စိမ်း) သဘာဝမြေဩဇာစိုက်ပျိုးခြင်းကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလဆန်းပိုင်းမှာ စတင်စိုက်ပျိုးခဲ့ပြီး ဒီဇင်ဘာလကုန်မှာ စိုက်ပျိုးပြီးစီး ခဲ့ပါတယ်။ ပိုက်ဆံလျှော် (သစ်စိမ်း) သဘာဝမြေဩဇာစိုက်ပျိုးခြင်းရဲ့ အကျိုးကျေးဇူးဟာ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုတာကြောင့် ဒေသတွင်းရှိ တောင်သူတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးဆောင်ရွက်စေချင်ပါတယ်” ဟု ပွင့်ဖြူမြို့ မျိုးသန့်ခြံတာဝန်ခံဦးအောင်ချစ်က ပြောသည်။  

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန (မျိုးသန့်ခြံ)အနေဖြင့် ဒေသတွင်းရှိ တောင်သူများ စားနပ်ရိက္ခာဖူလုံရေးနှင့် သီးနှံဝင်ငွေတိုးပွားရေးအတွက် သီးနှံများစိုက်ပျိုးရာ၌ အထွက်နှုန်းကောင်းသော မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များကို စိုက်ပျိုးနိုင်ရေးအတွက် မျိုးကောင်းမျိုးသန့်မျိုးစေ့ ဖြန့်ဖြူးပေးနိုင်ရန်အတွက် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကုလားပဲမျိုးစေ့ ထုတ်စိုက်ခင်း ဧက ၈၀ နှင့် ရေဆင်း-၁ စပ်မျိုးနေကြာ မျိုးစေ့ထုတ်စိုက်ခင်း ၁၀ ဧက တို့ကို အကောင်အထည်ဖော်စိုက်ပျိုးဆောင်ရွက်ထားရှိရာ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)