စလင်း ဖေဖော်ဝါရီ ၁
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ စည်သူခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဖွံ့ဖြိုးရေးရန်ပုံငွေ (ပထမ) အကြိမ် ထုတ်ပေးခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကံဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်နှင့် ယာယီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင်တို့က အမှာစကားပြောကြားရာတွင် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် စေတနာ ရှေ့ထားပြီး ဆောင်ရွက်ကြရန် မှာကြားပြောဆိုခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ရုံးအုပ် ဦးသိန်းဇော်က ရုံးလုပ်ငန်းအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲသည်။ ၎င်းနောက် ဖွံ့ဖြိုးရေး ရန်ပုံငွေများ (ပထမ) အကြိမ်ထုတ်ပေးရာ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အဆင့်တာဝန်ရှိသူများကပေးအပ်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေရရှိသော ကျေးရွာများမှ ကော်မတီဝင်များက အသီးသီးလက်ခံရယူခဲ့ကြသည်။ စလင်းမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေများကို ရပ်ကွက်ကျေးရွာအုပ်စုများရှိ ရေရရှိရေးလုပ်ငန်း(၁)ခု၊ ကျေးလက်လမ်းတံတားလုပ်ငန်း (၂၁)ခု၊ ပြည်သူလူထု အမှန်တကယ်လိုအပ်သော အခြားလုပ်ငန်း(၁)ခုနှင့် အထွေထွေအသုံးစရိတ်များတွင် အကျိုးရှိစွာ အသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မောင်လွင်(ပြန်/ဆက်)