ကသာ ဖေဖော်ဝါရီ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ (၁/၂၀၂၀) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့၊ မွန်းလွဲ (၃) နာရီ အချိန်ခန့်က ကသာခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ယင်းအစည်းအဝေးတွင် ကသာခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံက အစည်းအဝေးကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်များနှင့် ခရိုင်ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီ၏ဆောင်ရွက်ရမည့် လုပ်ငန်း တာဝန်များအား ရှင်းလင်းပြောကြားရာ ကလေးငယ်များ၏အကျိုးအတွက် ဆောင်ရွက်နေကြသည့် ဌာနဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် အချင်းချင်း အပြန်အလှန် ဆက်သွယ်ချိတ်ဆက်ပြီး NGO, INGO များနှင့် ပူးပေါင်း ဆောင်ရွက်သွားကြ ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ကသာခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းမှ လူမှုဝန်ထမ်း ဦးစီးဌာနအနေဖြင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းများ၊ ဦးစီးဌာနမှ ချမှတ်ထားသော လုပ်ငန်းစဉ်များနှင့် ကလေးသူငယ် ဖွံ့ဖြိုးမှု အစီအစဉ်၊ ကာကွယ်စောင့်ရှောက်မှု အစီအစဉ်များ၊ ကသာခရိုင်အတွင်း တွေ့ကြုံနေရသည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသော ဌာနဆိုင်ရာများက မိမိတို့နှင့် သက်ဆိုင်သော ကဏ္ဍ အလိုက် ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ပေါင်းစပ်ညှိနှိုင်းခဲ့သည်။
အဆိုပါ ကော်မတီဝင်များအနေဖြင့် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ အမျိုးသားကော်မတီ၏တာဝန် (၃)ရပ်ဖြစ်သော အကောင်အထည်ဖော် ဆောင်ရွက်ခြင်း (Implementation)၊ စောင့်ကြည့်ကြီးကြပ်ခြင်း (Monitoring) နှင့် အစီရင်ခံခြင်း (Reporting) ကဏ္ဍများကို တတ်စွမ်းသလောက် ကူညီပံ့ပိုးပေးသွားမည် ဖြစ်ကြောင်းနှင့် လူမှုဝန်ထမ်း ဦးစီးဌာနအနေဖြင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေနှင့် လူမှုရေးရာ အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရဲအောင်(ကသာ)