ရေဇွာ၌ မြို့အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်များနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ မြို့ဝင်စစ်ဆေးဂိတ်များ စနစ်တကျ ပြန်လည်တည်ဆောက်

ရေဇွာ အောက်တိုဘာ ၂၂

ချင်းပြည်နယ်၊ မတူပီခရိုင်၊ ရေဇွာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေး စစ်ဆေးဂိတ်များကို ၂၀၂၀ပြည့်နှစ်၊ မတ်လတွင် စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ ယခုအခါ မိုးဒဏ်လေဒဏ်ကြောင့် ဂိတ်ဖွင့်လှစ်ရန် ဆောက်လုပ်ခဲ့သော အဆောက်အများ လုံခြုံမှုမရှိသောကြောင့် အသစ်ပြန်လည် တည်ဆောက် ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လူအဝင်အထွက်များသည့် ဟားခါး-ဂန့်ဂေါ ဂိတ်တစ်ခုသာ ယခင်ကဖွင့်လှစ်ဆောင်ရွက်ခဲ့ရာမှ ယခုကမ္ဘာတစ်ဝှမ်း တွင် သာမက မြန်မာနိုင်ငံတွင် ရောဂါပိုးတွေ့ရှိသူ ပိုမိုများပြားလာသောကြောင့် မတူပီဘက်မှ မြို့ဝင်ဂိတ်နှင့် လိုင်လင်းပီဘက်မှ မြို့ဝင်ဂိတ်များကို တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်ပြီး ခရီးသွားပြည်သူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ ခရီးသွား ပြည်သူများအား ခရီးသွား ရာဇဝင်များ မေးမြန်းပြီးမှတ်သားခြင်းများကို အရှိအဟုန် မြှင့် ဆက်လက် ဆောင်ရွက် ခဲ့ကြသည်။

ရပ်နီး၊ရပ်ဝေးမှ ခရီးသွားပြည်သူများအနေဖြင့် မဖြစ်မနေ ခရီးထွက်ခွာမည်ဆိုပါက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးညွှန်ကြားချက်များ၊ ဒေသန္တရအမိန့်များ နှင့်အညီသက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်များနှင့် အမျိုးသား မှတ်ပုံတင် ကတ်ပြားများပါရှိမှသာ မြို့တွင်းသို့ ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း ရေဇွာမြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီအဖွဲ့မှ သိရသည်။

ရေဇွာမြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးထင်လင်း၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ ပူးပေါင်းပြီး မြို့ဝင်စစ်ဆေးဂိတ်များတွင် တာဝန်ကျသည့် ဝန်ထမ်းများ မိုးဒဏ်လေဒဏ် ကာကွယ်နိုင်ရန်၊ ခရီးသွားပြည်သူများနှင့် ထိတွေ့မှုအနည်းဆုံးဖြင့် ကိုယ်အပူချိန် တိုင်းတာခြင်းများ၊ ခရီးသွားရာဇဝင်များ မေးမြန်းမှတ်သားခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် ဂိတ်များကို စနစ်တကျ အသစ်ပြန်လည်တည်ဆောက်ခဲ့ကြကြောင်း သိရသည်။

ဟုန်းအွမ်(ပြန်/ဆက်)