ရေဇွာမြို့ မြန်မာ့စီးပွားရေးဘဏ် (ငွေတိုက်ခွဲ) တွင် ပင်စင်လစာ လာရောက်ထုတ်ယူကြသူများအား ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ လူစုလူဝေးမဖြစ်စေရေး စနစ်တကျစီမံ ဆောင်ရွက်

ရေဇွာ အောက်တိုဘာ ၂၂

ချင်းပြည်နယ်၊ ရေဇွာမြို့မြန်မာ့စီးပွားရေးဘဏ် (ငွေတိုက်ခွဲ) တွင် ပင်စင်လစာလာရောက် ထုတ်ယူသူများအား ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ လူစုလူဝေးမဖြစ်ပေါ်စေရေး၊ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး နည်းလမ်းများကို စနစ်တကျစီမံဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရေဇွာမြို့၊ မြန်မာ့စီးပွားရေးဘဏ် (ငွေတိုက်ခွဲ) တွင် ပင်စင်စာအုပ်တင်ထားသူများ အားလုံးကို လစဉ် (၂၁) ရက်တွင် ပုံမှန်ထုတ်ပေးခဲ့ရာမှ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားပြီး နောက်ပိုင်းကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ လစဉ် (၂၁) ရက်နေ့မှစ၍ လကုန်အထိပင်စင်လစာများ ကိုစနစ်တကျ ထုတ်ပေးသွားမည် ဖြစ်ကြောင်း၊ အဆိုပါ ရက်များတွင် ထုတ်ယူနိုင်ခြင်းမရှိသူများရှိခဲ့လျှင် နောက်တစ်လ (၁၁) ရက်နေ့နှင့် (၁၈) ရက်နေ့များတွင် လာရောက် ထုတ်ယူနိုင်ကြောင်း ရေဇွာမြို့ဘဏ်မန်နေဂျာ ဦးအောင်စိုးသင်းထံမှ သိရ​သည်။

ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည့် ကျန်းမာရေး ညွှန်ကြားချက် များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ရုံးဝင်ပေါက်များတွင် လက်ဆေးစင်များ တပ်ဆင်ထားပြီး လက်ဆေးစေခြင်း၊ Hand Gel များ ထားရှိပေးခြင်း၊ အသိပညာပေး ပိုစတာများပြသခြင်း၊ ရုံးထဲမဝင်ခင် ပင်စင်စားများ လိုက်နာရမည့် စည်းကမ်းချက်များ ကပ်ထားပြီး ပြသခြင်း၊ လူတစ်ဦးနှင့် တစ်ဦးခြောက်ပေအကွာတွင် နေထိုင်ခြင်းနှင့် (Mask) တပ်ဆင်ခြင်းများဆောင် ရွက်ပေးလျက်ရှိသည်။

အဆိုပါမြန်မာ့စီးပွားရေးဘဏ် (ငွေတိုက်ခွဲ) တွင် ပင်စင်လစာထုတ်ယူကြသည့် ပင်စင် စားအရေအတွက် ၂၇၈ ဦးရှိပြီး ၂၂ ရက်နေ့ အထိပင်စင်စား (၁၁၃) ဦးကထုတ်ယူပြီးဖြစ်ကြောင်း ရေဇွာမြို့မြန်မာ့ စီးပွားရေး ဘဏ် (ငွေတိုက်ခွဲ) မှသိရသည်။

ဟုန်းအွမ်(ပြန်/ဆက်)