ခိုင်ကမ်းမြို့အထွက် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကျန်းမာရေးစစ်ဆေးမှုနှင့် ခရီးသွားမှတ်တမ်းကောက်ယူခြင်းများကို နေ့/ည အရှိန်အဟုန်မြှင့် ဆောင်ရွက်

ခိုင်ကမ်း  စက်တင်ဘာ ၃၀

ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့သည် ချင်းပြည်နယ်မြောက်ပိုင်း၏  စစ်ကိုင်းတိုင်းအတွင်းသို့ အဝင်/အထွက် အဓိကအချက်အချာကျသောဒေသဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့အထွက်ဂိတ် ပူးပေါင်းစစ်ဆေး ရေးဂိတ်တွင်  ကျန်းမာရေးစစ်ဆေးမှုနှင့် ခရီးသွားရာဇဝင်မှတ်တမ်းကောက်ယူမှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိသည်။

မြောက်ပိုင်းချင်းပြည်နယ်အတွင်းဝင်ရောက်မည့် ခရီးသွားမော်တော်ယာဉ်များ၊ ဆိုင်ကယ်အသုံးပြုသွားလာကြသည့် ခရီးသည်များအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ ခရီးသွားရာဇဝင်များရယူခြင်း ခရီးသွားများ လက်ဆေးကန်တွင် လက်ဆေးခြင်းတို့ကို နေ့စဉ် နံနက် ၇ နာရီမှ ည ၇ နာရီအထိ လည်းကောင်း၊ နယ်မြေရဲစခန်းမှူးမှ အဖွဲ့ခေါင်းဆောင် အဖြစ်ပါဝင်သည့် ပူးပေါင်းစစ်ဆေးရေး ဂိတ်အဖွဲ့မှ ည ၁၉ နာရီမှ နံနက် ၇ နာရီအထိ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ  မြို့ကျေးလက်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ ရဲတပ်ဖွဲ့ဝင်များအား အလှည့်ကျတာဝန်ချထားမှုစနစ်ဖြင့် နေ့/ည မပြတ်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

ဝုန်လွန်းညောင်(ခိုင်ကမ်း)