ခိုင်ကမ်းမြို့တွင် ကုန်စိမ်းဈေးသည်များနှင့် သားသတ်လုပ်ငန်းပိုင်ရှင်များ ကျန်းမာရေးနှင့်အညီ ရောင်းချမှု ရှိ/မရှိစစ်ဆေး

ခိုင်ကမ်း  စက်တင်ဘာ ၃၀

ဖလမ်းခရိုင်တီးတိန်မြို့နယ်ခိုင်ကမ်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အခြေခံ စားသောက်ကုန်များ ရောင်းချသည့် ဈေးဆိုင်များအား အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ သတ်မှတ်လိုက်နာ ဆောင်ရွက်နိုင်မှု ရှိစေရေးအတွက်  ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင်း လှည့်လည် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်း ဆောင်ရွက်ရာတွင် ခိုင်ကမ်းမြို့ မီးသတ်ဦးစီးဌာန တာဝန်ခံဦးဆောင်၍ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ မြို့အတွင်းလှည့်လည် ကွင်းဆင်းခဲ့ကြပြီး ဈေးရောင်းသူနှင့် ဈေးဝယ်သူတို့ အနေဖြင့် ယခုဖြစ်ပေါ်နေသော ကျန်းမာရေး အခြေအနေအရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအရ မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင်ရေး တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ၌သာ ဈေးရောင်း/ဈေးဝယ် ပြုလုပ်ရန်  လူစုလူဝေးဖြင့် ဈေးရောင်း/ဈေးဝယ်ခြင်း မရှိအောင် ဂရုစိုက်ရောင်းဝယ်ကြရန် ဆိုင်များအနေဖြင့် ရေရရှိရန် အခက်အခဲ ရှိပါက ရေမလိုလက်သန့်ဆေးရည်များ ဆောင်ထားခြင်းဖြင့် မိမိကိုယ်ကို ကာကွယ်ရန်နှင့် စားသောက်ဆိုင်များကိုလည်း ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် စသည်ဖြင့် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝုန်လွန်းညောင်(ခိုင်ကမ်း)