မဲရုံမှူးများ ဒုတိယမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များ ခန့်အပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

မင်းတပ်      စက်တင်ဘာ       ၂၈

၂၀၂၀ပြည့်နှစ်၊  အထွေထွေရွေးကောက်ပွဲတွင် အဓိကတာဝန်ယူ ဆောင်ရွက်ရမည့် မဲရုံမှူးများ၊ ဒုတိယမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များ ခန့်အပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီက မင်းတပ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

မင်းတပ်မြို့နယ်အတွင်းရှိ မဲရုံ(၁၁၆)ရုံတွင် တာဝန်ယူဆောင်ရွက်ရမည့် မဲရုံမှူးများ၊ ဒု−မဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များကို အောက်တိုဘာလ(၁)ရက်နေ့မှစ၍ တာဝန်ပေးခန့်ထား ရမည် ဖြစ်ရာမဲရုံ(၁)ရုံအတွက် မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲစာရင်းထုတ်ပေးသူ၊ မဲလက်မှတ်ထုတ်ပေးသူ၊ မဲရုံလုံခြုံရေးစသည်ဖြင့် အဖွဲ့ဝင် (၁၀)ဦးမှ(၁၆)ဦးအထိ ဖွဲ့စည်းလျာထားဆောင်ရွက်ရမည်များကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကီးအွမ်က ရှင်းလင်းဆွေးနွေသည်။

ဆက်လက်၍ပညာရေးဌာနမှ မဲရုံအဖွဲ့ဝင် ပညာရေးဝန်ထမ်းအင်အား ရွေးချယ်လျာထားမှု အခြေအနေကို လည်းကောင်း၊ ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်း အင်အားရွေးချယ် လျာထားမှုတို့ကို လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှ မဲရုံလုံခြုံရေး ဝန်ထမ်းများ ရွေးချယ်ထားမှုကို လည်းကောင်း အသီးသီးတင်ပြဆွေးနွေးကြသည်။

ထို့နောက်  ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကီးခွီရှိန်းက သက်ဆိုင်ရာ ဌာနအသီးသီး၏ တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး အဆိုပါအစည်းအဝေးသို့ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်အဖွဲ့ခွဲ တွင် ပါဝင်သော ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လင်းလင်း(ပြန်/ဆက်)