ဒေးဒရဲ ဇန်နဝါရီ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော ၂၀၁၉−၂၀၂၀ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်းက သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေးက ၂၀၁၉−၂၀၂၀ ဘဏ္ဍာရေးနှစ် နှစ်ဦးတွင် ဖွင့်လှစ်နိုင်ခဲ့သည့် သင်တန်းဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူများအနေဖြင့်လည်း သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များ အောင်မြင်စေရေး ကြိုးစားသင်ယူကြစေလိုကြောင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး သင်တန်းဆရာ ဦးအောင်ဆန်းလင်းက သင်တန်းကာလအတွင်း သင်ကြားသွားမည့် ဘာသာရပ်များနှင့် သင်တန်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းအား ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ ရက် (၂၀)ကြာဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၂၇)ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)