(၇၂)ကြိမ်မြောက် လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် စုပေါင်းအားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ပြည်မြို့၌ ကျင်းပ

ပြည်  ဇန်နဝါရီ   ၁

၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)ပြည်မြို့နယ်၊ ပြည်ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်မြို့ရှိ ဘုန်း‌တော်ကြီးကျောင်း(၁၆)ကျောင်းပူးပေါင်းကျင်းပသော (၇၂)ကြိမ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စုပေါင်းအားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ပြည်မြို့ စင်္ကြန်တောင်ဘုန်းတော်ကြီးသင် ပညာကျောင်း၌  ယနေ့ နံနက် ၈ နာရီအချိန်တွင်ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပဲခူးတိုင်း(အနောက်ပိုင်း)တိုင်း ဘုန်းတော်ကြီးကျောင်းဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တဇနိန္ဒ အဖွင့်ဩဝါဒကထာချီးမြင့်တော်မူပြီး၊ မြို့နယ်ဘုန်းတော်ကြီးကျောင်း ဥက္ကဋ္ဌဆရာတော်ဘဒ္ဒန္တဥက္ကံသက အားကစားပွဲကျင်ပရခြင်း အကြောင်းကို ရှင်းလင်းပြောကြားသည်။ အဆိုပါအားကစားပွဲကျင်းပရခြင်းကြောင့် ကျောင်းသားကျောင်းသူတို့ အခွင့်အရေးများရရှိစေရန်နှင့် ကာယအား၊ ဉာဏအားများ ဖွံဖြိုးတိုးတက်လာပြီး ဗလငါးတန်ဖွံဖြိုး တိုးတက်လာစေရန်နှင့် အနိုင်မခံအရှုံးမပေးသော အားကစားစိတ်ဓာတ်များရှိလာစေရန် ရည်ရွယ်၍ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက်ပြည်ခရိုင်အားကစားမှူး ဒေါ်သန္တာဝင်းကအားကစားနှင့် ပတ်သက်သည့် စည်ကမ်းချက်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ကျောင်းအကျိုးတော်ဆောင် ဦးမြင့်ကြွယ်က ကျေးဇူးတင်စကားပြောကြားပြီး၊ ကျောင်းသား၊ ကျောင်းသူများက အားကစားသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။

ထို့နောက်အခမ်းအနားကို ပဲခူးတိုင်း(အနောက်ပိုင်း)တိုင်းဘုန်းတော်ကြီးကျောင်း ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တဇနိန္ဒ၊ မြို့နယ်ဘုန်းတော်ကြီးကျောင်းဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဥက္ကံသနှင့် ပြည်ခရိုင်အားကစားမှူး ဒေါ်သန္တာဝင်းတို့ကဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် အားကစားပွဲကိုဆက်လက်ကျင်းပရာ စင်္ကြန်တောင်ဘုန်းတော်ကြီးကျောင်း ဘောလုံးအသင်းနှင် မြတ်လေးရုံဘုန်းတော်ကြီးကျောင်း ဘောလုံးအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြသည်။ အဆိုပါဘောလုံးပွဲကို အသင်း(၁၁)သင်း ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

မင်းမင်းစိုး(ပြည်)