ခိုင်ကမ်း စက်တင်ဘာ ၂၅
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့တွင် ရေနွေးငွေ့စက်ဖြင့် လည်ပတ်သော ဝဥ ကုန်ကြမ်းကုန်ချော စက်ရုံသစ်ကို ယမန်နေ့ ညနေပိုင်းမှစ၍ စတင်စမ်းသပ် လည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါစက်ရုံတွင် ဝဥများကို စားသောက်ကုန်အဖြစ် ထုတ်လုပ်မည်ဖြစ်ပြီး ခိုင်ကမ်းမြို့ရှိ ဝဥစက်ရုံတွင် ဝဥများကို ကုန်ကြမ်း အဖြစ်ရရှိရန် စက်ဖြင့်အခြောက်ခံပြီး ကုန်ချောအဖြစ်ရရှိရန် အမှုန့်ကြိတ်ခြင်းများကို အဓိကပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။
ကုန်ကြမ်းများကို ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်များဖြစ်သည့် ခိုင်ကမ်း၊ တွီးဗျဲလ်၊ ပိန်းပိ၊ ထမ်ပီး၊ ထေးဇန် စသည့် ရွာများမှဝယ်ယူခြင်း စုဆောင်းခြင်း ဖြစ်ကြောင်း သိရသည်။
လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးအဆင်ပြေသော ခိုင်ကမ်းမြို့တွင် စက်ရုံတည်ဆောက်ခြင်း အားဖြင့် ချင်းပြည်နယ် မြောက်ပိုင်းရှိ ဝဥစိုက်ပျိုးသည့် တောင်သူများအနေဖြင့် ယခင်ကဲ့သို့ ဝဥဈေးကွက်ကို ခက်ခဲရှာဖွေရန် မလိုအပ်တော့ပဲ လွယ်ကူစွာ ရောင်းဝယ်နိုင်မည့်အပြင် ခိုင်ကမ်းမြို့အတွင်းရှိ ဒေသခံများအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။
ခိုင်ကမ်းမြို့ရှိ စပါးခွံရေနွေးငွေ့စက်ကို ဒိန်းမတ်နိုင်ငံအခြေစိုက် RBF(Responsible Business Fund) မှ ကူညီ ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်းသိရသည်။
ဝုန်လွန်းညောင်(ခိုင်ကမ်း)