ကျီခါး စက်တင်ဘာ ၂၅
ချင်းပြည်နယ်၊ ကျီခါးမြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီအဖွဲ့မှ နေရပ်ပြန်များအား ပြန်လည်လက်ခံပြီး ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်နေသည့် မြန်မာ-အိန္ဒိယ နယ်စပ် ခင်မန်းဂိတ်၌ လိုအပ်သည်များ တိုးမြှင့်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က သွားရောက်ပူးပေါင်း ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် နေရပ်ပြန်များအား ကျန်းမာရေးစစ်ဆေးမှု ဆောင်ရွက်သည့် စစ်ဆေးရေးဂိတ် အနီးပတ်၀န်းကျင် သန့်ရှင့်သာယာလှပရေး၊ နေ့/ည ဂျူတီထမ်းဆောင်သည့် ၀န်ထမ်းများ အချိန်ပြည့် မီးရရှိရေးအတွက် ဆိုလာမီး စနစ်တကျ တပ်ဆင်ပေးခြင်း၊ လက်ဆေးဘေစင်များ စနစ်တကျ ရှိစေရေးနှင့် မိုးရွာသွန်းခြင်းကြောင့် ပျက်စီးနေသည့် လမ်းများပြန်လည် ပြုပြင်ခြင်းစသည့် လုပ်ငန်းများကို ကျီခါးမြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဥက္ကဋ္ဌ ဦးနေဇော်အောင် နှင့်အဖွဲ့၀င်များက သွားရောက်ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျီခါးမြို့၌ ဒေသအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ပြည်ပမှ ပြန်လည် ၀င်ရောက်လာသည့် နေရပ်ပြန် များအား မြန်မာ - အိန္ဒိယနယ်စပ် ခင်မန်းဂိတ်မှတစ်ဆင့် စနစ်တကျ ပြန်လည်လက်ခံ၍ သက်ဆိုင်ရာ Quarantine Center များ၌ အသွားအလာ ကန့်သတ်ပြီး ကျန်းမာရေး စောင့်ကြည့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါ နယ်စပ်ဂိတ်၌ ဌာနဆိုင်ရာများနှင့် ပြည်သူ့ကျန်းမာရေး ၀န်ထမ်းပူးပေါင်းပြီး နေ့စဉ်အလှည့်ကျ တာ၀န် ထမ်းဆောင် လျက်ရှိကြောင်း သိရသည်။
ဆလိုင်းလိန်းမာန်(ပြန်/ဆက်)